ပုဂံသရပါဟိုတယ်မှ အလုပ်ထုတ်ခံအလုပ်သမားများအား ပြန်ခန့်ရေး မန္တလေးတွင် ဆန္ဒပြတောင်းဆို

By ဘိုဘို မဇ္စျိမ
04 November 2018
ပုဂံသရပါဟိုတယ်မှ အလုပ်ထုတ်ခံအလုပ်သမားများအား ပြန်ခန့်ရေး မန္တလေးတွင် ဆန္ဒပြတောင်းဆို

မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးမြို့ရှိ သရပါဟိုတယ်မှ အလုပ်ထုတ်ခံထားရသော အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေးအတွက် နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ ၃ နာရီက မန္တလေးမြို့၊ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် လူ ၁၀၀ ကျော်ခန့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအခြေအနေ ကျဆင်းလာမှုကြောင့် သရပါဟိုတယ်၏ ဝင်ငွေကျဆင်းလာမှုကို ထိန်းချုပ်နိုင်ရန် ဟိုတယ်၏ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကို ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်၍ အလုပ်တာဝန်မှ ရပ်နားခဲ့ရာ ဝန်ထမ်းလျော့ချမှုတွင် အလုပ်သမား ၁၂ ဦးကို အလုပ်ရပ်နားခဲ့ခြင်းဖြစ်ကြောင်း အလုပ်ရှင်ဘက်မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ပုဂံညောင်ဦးမြို့ရှိ သရပါဟိုတယ်အနီး ဖွင့်ထားသော အလုပ်သမားသပိတ်စခန်းသို့ အောက်တိုဘာလ ၂၂ ရက်က ပြည်ထောင်စုအဆင့် လာရောက်ညှိနှိုင်းပေးသော်လည်း ယနေ့အထိ ပြေလည်မှု မရရှိသေးသဖြင့် အလုပ်ထုတ်ခံထားရသော အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေး ယခုကဲ့သို့ ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။

'' ပြည်ထောင်စုအဆင့် ညှိနှိုင်းဆွေးနွေးပွဲမှ အလုပ်ရှင်ဖက်က အလုပ်သမား သုံးဦးကိုပဲ ပြန်လည် ခန့်ထားပေး မယ် ပြောတယ်၊ ကျွန်တော်တို့ တောင်းဆိုတာ အလုပ်သမား ၉ ဦး၊ အားလုံးကို ပြန်ခန့်ပေးဖို့ တောင်းဆိုတာပါ၊ အဲဒါနဲ့ပြေလည်မှု မရရှိခဲ့တာပါ၊ အလုပ်ရှင်က ၂၀၁၂ အငြင်းပွားမှု ဥပဒေနဲ့ သွားတယ်၊ အဲဒီဥပဒေကို အလုပ်သမားတွေက အားရမှုမရှိတဲ့အတွက် ကျွန်တော်တို့က၂၀၁၁ အဖွဲ့အစည်းဥပဒေကို ရွေးချယ်ပြီး သပိတ်သွားတာပါ၊ အလုပ်ရှင်ဖက်က ဥပဒေအတိုင်း သွားနေတယ်လို့ ပြောတယ်၊ ကျွန်တော်တို့လည်း ဥပဒေအတိုင်းသွားနေတာပါ၊ ကျွန်တော်တို့ အားလုံးကို အလုပ်ပြန်ခန့် ပေးစေချင်ပါတယ်၊ ပြန်ခန့်တဲ့အချိန်ထိ ဆက်လက်တောင်းဆိုသွားမှာပါ '' ဟု အလုပ်ထုတ်ခံရသော အလုပ်သမားများ၏ ခေါင်းဆောင် ဦးနေမျိုးဝင်းက ပြောသည်။

အလုပ်ထုတ်ခံရသော ဝန်ထမ်း ၁၂ ဦးအနက် ၃ ဦးသည် အလုပ်မလုပ်တော့သဖြင့် ကျန်ရှိနေသော အလုပ်သမား ၉ ဦးကို မူလနေရာ၊ မူလရာထူး၊ မူလလစာအတိုင်း ပြန်လည်ခန့်ထားရန် အောက်တိုဘာလ ၁၂ ရက်မှစတင်၍ သရပါဟိုတယ်အနီး သပိတ်စခန်း ဖွင့်လှစ်၍ တောင်းဆိုလျက်ရှိသည်။

'' ပြည်ထောင်စုအဆင့် နောက်ဆုံးအနေနဲ့ ညှိနှိုင်းပြီးသွားပြီးဆိုတော့ တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ၊ ညှိနှိုင်းမှုတွေ မလုပ်တော့ပါဘူး၊ တရားဥပဒေလမ်းကြောင်းအတိုင်း သွားပါမယ် '' ဟု သရပါဟိုတယ် မန်နေဂျာ ဦးကျော်ဟိန်းက ပြောသည်။

မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်တွင် ဆန္ဒပြရာတွင် '' သရပါဟိုတယ်မှ အလုပ်ရှင် နှင့် မန်နေဂျာများ၏ မတရားအလုပ်ထုတ်ခြင်း ရပ်တန့်ရေး၊ သရပါဟိုတယ်မှ အလုပ်သမားသမဂ္ဂ ဖြိုခွဲသူများ အလိုမရှိ၊ သရပါဟိုတယ်မှ မတရားအလုပ်ထုတ်ခံထားရသော ခေါင်းဆောင်များအား အလုပ်ပြန်လည်ခန့်ထားပေးရေး စသည့် တောင်းဆိုချက် ၃ ချက်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly