ဗလန်စီယာအသင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် ဧရာဝတီအသင်း သဘောတူညီမှုရ

ဗလန်စီယာအသင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် ဧရာဝတီအသင်း သဘောတူညီမှုရ
ဗလန်စီယာအကယ်ဒမီမှ ကစားသမားလေးများ လေ့ကျင့်နေမှုကို တွေ့ရစဉ်။

စက်တင်ဘာ ၂၅၊ ရန်ကုန်။         ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် စပိန်ကလပ် ဗလန်စီယာအသင်းနှင့် လူငယ်ဖွံဖြိုးရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရန် အကြိုသဘောတူညီမှု ရရှိထားသည် ဟု ဧရာဝတီအသင်းဝက်ဆိုဘ်တွင် တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

ဧရာဝတီအသင်းသည် လက်ရှိတွင် ပုသိမ်မြို့တွင် ဘောလုံးအကယ်ဒမီ ဖွင့်လှစ်၍ လူငယ်ဘောလုံးသမားများ ပြုစုပျိုးထောင်လျက်ရှိပြီး မြန်မာ့လက်ရွေးစင်အသင်း နှင့် သက်တမ်းအလိုက် လက်ရွေးစင်အသင်းတို့အတွက် ကစားသမားကောင်းများ မွေးထုတ်ပေးလျက်ရှိသည်။

“ ဧရာဝတီအသင်းအနေနဲ့ အခုလို စပိန်နိုင်ငံရဲ့ ကျော်ကြားတဲ့ ကလပ်အသင်းတစ်သင်းနဲ့ မိတ်ဖက်ဖြစ်ခွင့်ရမယ့်အရေးကို ဝမ်းသာဂုဏ်ယူပါတယ်။ ပထမဦးဆုံးအနေနဲ့ ဧရာဝတီယူနိုက်တက်ရဲ့ ပုသိမ်အကယ်ဒမီ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် သူတို့နဲ့ ပူးပေါင်းပြီး အခုထက်ပိုထိရောက်မယ့်၊ ပိုမိုပြည့်စုံမယ့် နည်းလမ်းကောင်းတွေ အကူအညီတွေ ရလာမှာပါ။အဲ့ဒီကနေတဆင့် အရည်အချင်းပြည့်တဲ့ လူငယ်ကစားသမားလေးတွေ ပေါ်ထွက်လာရင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ဝမ်းသာစရာပါ။ ဗလန်စီယာအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရမယ့်အရေးကိုလည်း ဝမ်းသာမိသလို အသင်းအနေနဲ့ ဂုဏ်ယူမိပါတယ်။” ဟု ဧရာဝတီယူနိုက်တက်အသင်း၏ အထွေထွေမန်နေဂျာ ဦးဇွဲလှှိုင်မှီက ပြောသည်။

အဆိုပါ အစီအစဉ်အတွက် ဗလန်စီယာအသင်းအနေဖြင့် ဧရာဝတီအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တဆင့်ဆက်သွယ်လာခြင်းဖြစ်ပြီး ဧရာဝတီအသင်း၏ အထွေထွေ မန်နေဂျာ ဦးဇွဲလှိုင်မှီနှင့် ဗလန်စီယာအသင်း၏ ဘောလုံးအားကစားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန ညွှန်ကြားရေးမှူး မစ္စတာအန်ဒီးယွန် တို့သည် စက်တင်ဘာ ၉ ရက်က စင်ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အကြိုသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

“ ဧရာဝတီယူနိုက်တက်ကလည်း ကိုယ်ပိုင် အကယ်ဒမီတစ်ခု ဖွင့်လှစ်ထားတဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်သလို သက်တမ်းအလိုက် လက်ရွေးစင် ကစားသမားတွေ မွေးထုတ်ပေးနေတဲ့အသင်းတစ်သင်းဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်တွေကို သိပ်စိတ်ဝင်စားတဲ့ ကျွန်တော်တို့အသင်းအနေနဲ့ ဧရာဝတီယူနိုက်တက်နဲ့ ပူးပေါင်းပြီး မြန်မာပြည်က လူငယ်ဘောလုံးသမားလေးတွေကို ဘယ်လိုမြေတောင်မြှောက်ပေးနိုင်မလည်းဆိုတာကို လေ့လာပြီး အကောင်အထည်ဖော်ဆောင်ရွက်ချင်ပါတယ်။

တစ်ချိန်မှာ မြန်မာဘောလုံးသမားတွေ စပိန်ကလပ် အသင်းတွေမှာ လာရောက်ကစားနိုင်တဲ့အထိ ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။” ဟု မစ္စတာ အန်ဒီယွန်းက ပြောသည်။

ဗလန်စီယာအသင်းမှ တာဝန်ရှိသူများသည် လာမည့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ ဧရာဝတီယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်ဖြစ်ပြီး ပုသိမ်အကယ်ဒမီသို့လည်း သွားရောက် လေ့လာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly