မဲစာရင်း ပြဿနာ နောက်ဆုံးအဆင့် ဘာလုပ်နိုင်မလဲ

မဲစာရင်း ပြဿနာ နောက်ဆုံးအဆင့် ဘာလုပ်နိုင်မလဲ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်း စာရှင်းလင်းပွဲမှာ ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းထိန်က လက်ရှိမဲစာရင်း ထုတ်ပြန်ခဲ့မှု အခြေအနေတွေဟာ တကယ့် မဲပေးမယ့်နေ့ကျရင် ဆူဆူပူပူ ဖြစ်လာနိုင်ဖွယ် အကြောင်းရှိပြီး ကော်မရှင်ဟာ အဲလို ဆူဆူပူပူ ဖြစ်အောင်များ ကြိုတင် ရည်ရွယ်ချက်နဲ့ လုပ်လေ သလားလို့ မေးခွန်း ထုတ်ရမလို ဖြစ်နေတယ်ဆိုပြီး သတင်းထောက်တွေကို ပြောပါတယ်။ ဒီလို စွပ်စွဲ ပြောဆိုချက်နဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပေမယ့် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တာဝန်ရှိ သူတွေဘက်ကတော့ မဲစာရင်းကိစ္စ သူတို့ဘာမှ အမှားမလုပ်ခဲ့တဲ့ အကြောင်း၊ သူတို့မှာ တာဝန်မရှိ ကြောင်း ပြောဆိုပါတယ်။

ဒီပြဿနာ ဘယ်လို ပြဿနာမျိုးလဲ၊ အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင် ဦးဝင်းထိန် ပြောဆိုသလိုမျိုး ဖြစ်လာနိုင်သလား၊ အဲဒီအတွက် ဘယ်လိုကာကွယ် ဖြေရှင်းနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းထိန်ပြောတဲ့ စကားအပြည့်အစုံက ခုလိုပါ။ “ကျွန်တော် ကိုယ်တိုင်က ၂၀၁၂ ရွေးကောက်ပွဲမှာ မိတ္ထီလာမှာ အရွေးခံရတယ်။ အတွေ့အကြုံက ရွေးကောက် ပွဲသွားတုန်း မဲထည့်မယ်ဆိုပြီး မှတ်ပုံတင် ကိုင်သွား။ ပုံစံ ၁၀ ယူသွား။ ဟိုမှာ မဲရုံမှာရှိတဲ့ ရပ်ကျေး ပုဂ္ဂိုလ်တွေက သိတဲ့အခါကျတော့ အဲဒါ ဖြည့်လို့ရှိရင် နာမည်လည်း ပါပြီဆိုပြီး လွယ်လွယ်ကူကူ မဲပေးလို့ ရတယ်။ အဲဒီတုန်းကဆိုရင် မဲပေးလို့ မရတဲ့သူက တစ်မြို့လုံးမှာဆိုရင် အယောက်နှစ် ဆယ် သုံးဆယ်လောက်ပဲ ရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ မဲပေးခွင့်မရတဲ့ အတွက်ကြောင့် ရုံးကိုလာ ပြီးတော့ ငိုလိုက်၊ ရယ်လိုက်၊ နံရံတွေ လက်သီးနဲ့ ထိုးလိုက်၊ အဲဒီလောက်ထိ ခံစားချက်ပြင်းပြင်း ဖြစ်ခဲ့ကြတယ်။ အဲဒီတော့ ဒီလိုဟာမျိုးဟာ လာမယ့်ရွေးကောက်ပွဲ မဲရုံတိုင်းမှာ ဒါတွေ ဖြစ်မယ်လို့ မှန်းဆလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်မဲပေးချင်တဲ့ သူကို မဲမပေးရဘူး။ ကိုယ့်နာမည် ဘယ်ရှာရမှန်း မသိဘူးဆိုရင် အဲဒီသူတွေက စိတ်အနှောင့်အယှက် ဖြစ်ပြီးတော့မှ ဒေါသဖြစ်တယ်။ တချို့ဆိုရင် အဲဒီမဲရုံ ရှိတဲ့နေရာမှာ ဆဲဆိုကြိမ်းမောင်း သွားကြတယ်ဆိုတဲ့ ဟာတွေ ပြန်ကြားရ တယ်။ ဒါ ဘာလဲဆိုရင် ဆူပူမှု ဖြစ်လိမ့်မယ်။ ဆူပူမှုဖြစ်အောင် ကြိုတင်ပြီး ရည်ရွယ်ချက်နဲ့ လုပ်သ လားလို့တောင် မေးခွန်း ထုတ်ရမလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဦးဝင်းထိန်က ဆက်ပြီး “၂၀၁၂ တုန်းက မဲမပေးနိုင်တဲ့ လူလေး အယောက်နှစ်ဆယ်၊ သုံးဆယ်က ဒီလောက် ပေါက်ကွဲတယ်ဆိုရင် မဲရုံတိုင်းမှာ ပြဿနာတွေကြုံမယ်။ ကြုံရင်မဲရုံ တိုင်းမှာ ယုတ်စွအဆုံး ပြဿနာဖြစ်တဲ့ဟာမျိုးဆိုရင် ကျွန်တော်တို့ အဲဒါအတွက် စိုးရိမ်တယ်။ စိုးရိမ်တဲ့အတွက်လည်း ကျွန်တော်တို့ ဒါကို ဘယ်လိုကာကွယ်ရင် ကောင်းမလဲလို့ နည်းလမ်းတွေ စဉ်းစားနေပါတယ်” လို့ ဆိုပါတယ်။

တကယ့်လက်တွေ့ အောက်ခြေ ကော်မရှင်ရုံးတွေမှာ ဖြစ်နေတဲ့ အခြေအနေကတော့ ပြည်သူတွေဟာ ကိုယ့်နာမည် မဲစာရင်းမှာ ရှာဖွေရ ခက်ခဲနေတုန်းပါ။ ဒါက အခု မဲစာရင်း ထုတ်ပြန် လိုက်တဲ့ ပုံစံဟာ အရင်ပုံစံတွေနဲ့ မတူဘဲ၊ လမ်းနာမည် အရင်ရှာ၊ ပြီးရင် တိုက်နံပါတ် အိမ်နံပါတ် ကြည့်၊ တွေ့တော့မှ ကိုယ့်နာမည် ဟုတ်မဟုတ် ရှေ့ကို ပြန်ကြည့်ဆိုတဲ့၊ ပုံမှန် မဟုတ်တဲ့ ကြည့်ရှု ရှာဖွေ နည်းကြောင့် ဖြစ်ပါ တယ်။ ဒါ့အပြင် မဲစာရင်းသွားကြည့်သူ တချို့က နဂို မဲစာရင်းကြေညာ စဉ် သူတို့နာမည် မပါလို့ ထည့်ခိုင်းထားတာတွေ ပါမလာသေးတဲ့ ကိစ္စ၊ သေပြီးသားမို့ ဖျက်ခိုင်း ထားသူတွေရဲ့ နာမည်တွေ ပြန်ပါနေသေးတဲ့ ကိစ္စတွေ ရှိနေသေးကြောင်း ပြောပြကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဲပေးခွင့်ရှိသူတိုင်း မဲစာရင်းထဲပါဖို့ ဆိုတဲ့ အခြေအနေ တစ်ခုဆီကို မရောက်သေးတာ ကတော့သေချာပါ တယ်။

ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းလှိုင်က အခု တစ်ကြိမ် နာမည် မပါတာရှိရင်၊ မှားတာရှိရင် လာတင်ပြကြ၊ အဲဒီ တင်ပြမှုတွေအတွက် သက်ဆိုင်ရာ ကော်မရှင် ကနေ တင်ပြထားပါကြောင်း၊ အထောက်အထားတွေ ထုတ်ပေးထားမယ်၊ အဲဒီ အထောက်အထားတွေ ပေးထားတဲ့အတွက် နောင် မဲပေးကာနီး တကယ့် နောက်ဆုံး မဲစာရင်း ထုတ်ပြန်လို့မှ ကိုယ့်နာမည် ပါမလာရင် အထောက်အထားပြပြီး တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ခပ်ရှင်းရှင်းပါပဲ။ ဆဲဗင်းဒေး သတင်းဂျာနယ်နဲ့ တွေ့ဆုံစဉ်မှာ သူက မဲပေးခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း ကော်မရှင်မှာတာဝန် မရှိဘူး၊ မဲပေးမယ့်သူ တွေမှာပဲ တာဝန်ရှိတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဦးတင်အေး ဆက်ပြောတာကတော့ ဥပဒေအရ မဲစာရင်း ပြုစုဖို့အတွက် မြို့နယ်နဲ့ ရပ်ကွက် ကျေးရွာအုပ်စုမှာ တာဝန်ရှိတယ်။ ဒါပေမယ့် မဲစာရင်း မှန်ဖို့ကတော့ အဲဒီ ပြုစုသူတွေမှာ တာဝန်မရှိဘူး၊ ပြည်သူတွေမှာပဲ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာလည်း ကော်မရှင်တွေဟာ မဲစာရင်းမှန်ဖို့ တာဝန်မရှိဘူးလို့ ပြောခဲ့ပါတယ်။ အတော်လေး ကို မှားယွင်းတဲ့ ပြောဆိုချက်ဖြစ်ပြီး တကယ့်ကို တာဝန်မဲ့တဲ့ စကားကို ပြောနေတုန်းပဲလို့ မှတ်ချက် ချနိုင်ပါတယ်။

အခုဆို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက တကယ့်လက်တွေ့ မဲပေးဖို့ဆိုရင် မဲစာရင်းထဲ ပါတာက အဓိက ကျတယ်၊ မှားတာတွေက သိပ်ပြဿနာ မကြီးဘူး၊ မဲပေးခွင့် မဆုံးရှုံးဘူးဆိုပြီး ပြောဆိုထားပါတယ်။ ဒါပေမယ့် မဲစာရင်းထဲ မပါတဲ့သူတွေ သိပ်များနေရင် ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ ဒီနေ့ချိန်ထိ ပြောဆိုထားတာ မရှိသေးပါဘူး။ လုံးဝ မဲပေးခွင့် မပြုနိုင်ဘူး၊ ဒါမှမဟုတ် ဘယ်လို အထောက်အထားရှိရင် မဲပေးခွင့်ပြုမယ် ဆိုတာမျိုး ပြောဆိုထားမှုလည်း မရှိသေးပါဘူး။ နောက်ထပ် အရေးကြီးတာက အိမ်ထောင်စု စာရင်းပေါက်ရာမှာ မနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အိမ်ငှား နေထိုင်သူတွေပါ။ အဲလို လူတွေကလည်း မြန်မာပြည်မှာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ အဲဒီလူတွေဟာ ကိုယ့်အိမ်ထောင်စု စာရင်းရှိရာ နေရာမှာ မဲစာရင်း ပေါက်တယ်ဆိုရင် ကိုယ်တကယ် နေထိုင်ရာမှာ မဲပေးခွင့်ရအောင် အဆင့်ဆင့် လုပ်ရကိုင်ရပါလိမ့် မယ်။ သာမန်ပြည်သူတွေ အဲလို လုပ်ပါ့မလား၊ ဒါမှမဟုတ် မဲပေးတဲ့နေ့မှာပဲ မဲပေးခွင့် ရမယ်ထင်ပြီး နီးစပ်ရာ မဲရုံကို သွားကြမလား မှန်းဆလို့ မရသေးပါဘူး။

ပြောရရင် လာမယ့် ရွေးကောက်ပွဲ နေ့ကျရင် မဲစာရင်းထဲ မပါလို့ဆိုပြီး မဲပေးခွင့် မရမယ့် ပြည်သူ အတော်များနိုင်ပါတယ်။ အဲဒီ ပြည်သူတွေကို လုံးဝ မဲပေးခွင့် မပြုတော့ဘူးလား၊ ဒါမှမ ဟုတ် ဘယ်လို အထောက်အထားရှိရင် ဘယ်လိုပုံစံမျိုးနဲ့ မဲပေးခွင့် ပြုနိုင်မလဲဆိုတာ တိကျတဲ့ စည်းမျဉ်းစည်းကမ်း ကြိုတင် ထုတ်ပြန်ထားဖို့ လိုပါတယ်။ ဒါကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အနေနဲ့ ကိုယ့်တစ်ဦးတည်း စိတ်တိုင်းကျ လုပ်မနေဘဲ အဓိကကျတဲ့ နိုင်ငံရေး ပါတီကြီးတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီး စည်းကမ်းသတ်မှတ် အကောင်အထည်ဖော်ရင် အကောင်း ဆုံး ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags