လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲဖမ်းဆီးခံထားရသူနှစ်ဦး၏ ဖြောင့်ချက်သည် နှိပ်စက်စစ်ဆေးစဉ် ထွက်ဆိုထား၍ တရားမဝင်ဟုဆို

လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲဖမ်းဆီးခံထားရသူနှစ်ဦး၏ ဖြောင့်ချက်သည် နှိပ်စက်စစ်ဆေးစဉ် ထွက်ဆိုထား၍ တရားမဝင်ဟုဆို

ချင်းမိုင်၊ စက်တင်ဘာ ၂၄ ။ ။ ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုတွင် ထိုင်းလူ့အခွင့်အရေးအဖွဲ့နှင့် ထိုင်းရှေ့နေများကောင်စီတို့ ကွင်းဆင်းစစ်ဆေးသည့် အချိန်တွင် ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးမှာ နှိပ်စက်ခံထားရပြီး ပေးသည့် ဖြောင့်ချက်မှာ တရားမဝင်ကြောင်း ထိုင်းလူ့အခွင့်အရေးအဖွဲ့များက တရားခွင်သို့ တင်ပြခဲ့သည်ဟု မြန်မာသံရုံး စုံစမ်းစစ်ဆေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

စက်တင်ဘာလ ၂၄ ရက်က တရားခွင်သို့ ထိုင်းလူ့အခွင့်အရေးအဖဖွဲ့၊ ထိုင်းရှေ့နေများကောင်စီမှ ကိုယ်စားလှယ် နှစ်ဦးနှင့် ဆူရတ်ဌာနီမှ မြန်မာလုပ်သား တစ်ဦးတို့ကို စစ်ဆေးခဲ့သည်။

“သူတို့ကတော့ တရားခံတွေနဲ့ ပတ်သက်လို့ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ နှိပ်စက်ခံရပါတယ် ဆိုတာကို တင်ပြတာပါ။ ရှေ့နေများကောင်စီက ကိုယ်စားလှယ်ကလည်း တိုင်ကြားစာကို မူတည်ပြီးတော့ စစ်ဆေးတဲ့ အခါမှာ အမှန်အကန်ဖြစ်တယ်ဆိုပြီးတော့ ဒီတရားခွင်ကို ဒီကလေးတွေရဲ့ ဖြောင့်ချက်က တရားမဝင်ဘူး။ နှိပ်စက်ခံရလို့ပါဆိုပြီးတော့ ထွက်ဆိုသွားတာပါ”ဟု ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာအလုပ်သမား တစ်ဦးကလည်း ကိုဝင်းဇော်ထွန်း ဆူရတ်ဌာနီကို ရောက်လာခြင်းသည် အလုပ်လုပ်ရန် ရောက်လာခြင်း ဖြစ်ပြီး တရားလိုဘက်မှ စွပ်စွဲထားသည့်အတိုင်း လူသတ်မှုကျူးလွန်၍ ထွက်ပြေးလာခြင်း မဟုတ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သဆိုသည်။

ယင်းအပြင် အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုနှင့် နှိပ်စက် ရိုက်နှက် ခံရသည်ကို မခံနိုင်တော့၍ နောက်ဆုံး ဝန်ခံခဲ့ရသည်ဟု လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ ကိုဇော်လင်းက စက်တင်ဘာလ ၂ ရက်က ကော့စမွေတရားရုံးတွင် ထွက်ဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဘာသာပြန် ကိုကမာက ဆိုသည်။

တရားလို ထိုင်းရဲတပ်ဖွဲ့ဘက်က သက်သေအဖြစ် လူပေါင်း ၃၆ ဦးကို စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာလ ၁၁ ရက်မှ ယနေ့ထိ စစ်ဆေးခဲ့သူပေါင်း ၈ ဦးကို တရားရုံးတွင် စစ်ဆေးခဲ့သည်။ တရားခံပြသက်သေ အဖြစ် ထွက်ဆိုရန်လည်း ၃၁ဦးကို တရားခွင်သို့ တင်ပြထားသည်ဟု သိရသည်။

မြန်မာသံရုံးအဖွဲ့မှ ဒုတိယ သံအမတ် ဦးထွန်းအေး၊ ဘာသာပြန် ဦးအောင်စိုး၊ ဆရာမ ဒေါ်သူဇာနွယ်တို့ကိုလည်း စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် စစ်ဆေးသွားမည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းကမ်းခြေတွင် အသတ်ခံရမှု၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ လူသတ်မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly