မြောက်ဦးက ဆရာတော် မိမိကိုယ်ကို သေကြောင်းကြံ၍ ပျံလွန်တော်မူခြင်းဖြစ်ဟု ရဲမှူးကြီးပြော

မြောက်ဦးက ဆရာတော် မိမိကိုယ်ကို သေကြောင်းကြံ၍ ပျံလွန်တော်မူခြင်းဖြစ်ဟု ရဲမှူးကြီးပြော

စစ်တွေ၊ စက်တင်ဘာ ၂၄။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဝသဲရပ်ကွက်ရှိ တက္ကသီလဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ မိမိကိုယ် မိမိ သေကြောင်းကြံကာ လည်လှီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး နေမျိုးက စက်တင်ဘာ ၂၃ရက်က အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဆရာတော်မှာ ပျံလွန်တော်မမူမီ ရက်ပိုင်းအတွင်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စိတ်ရောဂါဝေဒနာ ဖြစ်ပေါ်လာကြောင်း ရဲမှူးကြီး နေမျိုးက DMG သို့ ပြောကြားသည်။

"ဆရာတော်ဟာ တစ်ပါးတည်း သီးသန့်နေတယ်။ ဇိနမာန်အောင် ဆရာတော်က အဲဒီဆရာတော်ဟာ စိတ်ဝေဒနာကို ခံစားနေရတယ်လို့ မှတ်ချက်ပြုပါတယ်။ ဘေးနားမှာလည်း အိမ်တွေ၊ လူတွေရှိပါတယ်။ တစ်စုံတစ်ဦးလုပ်တယ်ဆိုရင်တောင် အသံတွေကို ကြားလိုက်ရပါမယ်။ ပြီးတော့ ဆရာတော်ရဲ့ ဘေးမှာလည်း ပစ္စည်းပစ္စယတွေဟာ အလေအလွင့်ကို မတွေ့ရဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က သတ်ဖြတ်မှု လုပ်တယ်လို့ ဆိုလို့ရှိရင် ဒီအိမ်ထဲမှာ ဘရုတ်သုခ္ခတွေ ရှိနေရမှာပေါ့။ အခုတော့ ပစ္စည်းတွေက သူ့နေရာနဲ့သူ ဖြစ်နေတယ်။ ဆိုတော့ ဒီအနေအထားသည် ဘယ်သူ့ပရောဂမှ မပါဘဲနဲ့ တစ်စုံတစ်ယောက်ကမှလည်း မလုပ်ဘဲနဲ့ သူ့ကိုယ်သူ လည်လှီးဖြတ်ပြီးတော့မှ သေကြောင်းကြံတယ်လို့ အတည်ပြုပါတယ်" ဟု ရဲမှူးကြီးက ရှင်းပြသည်။

ဆရာတော်မှာ မြောက်ဦးဒေသခံဖြစ်ပြီး၊ ဘွဲ့နာမည်မှာ ဦးခန္ဓီစာရဖြစ်ကြောင်း၊ သာသနာ့ဘောင်ဝင်သည်မှာ ၁၄ဝါ ရှိပြီဖြစ်ပြီး မည်သူတစ်ဦးယောက်နှင့်မျှ ရန်ငြိုးရန်စ မရှိခဲ့ဟု သိရသည်။ ဆရာတော် ပျံလွန်တော်မူသည့်နေ့တွင် သက်တော် ၆၇ နှစ်ရှိကြောင်း သိရသည်။

ဆရာတော်၏ ခန္ဓာကိုယ်အား စစ်ဆေးရာတွင်လည်း လည်ပင်းတွင်ရှိသော ဒါးဒဏ်ရာမှလွှဲ၍ အခြားသော နေရာများတွင် ဒဏ်ရာများတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ရဲမှူးကြီးက ဆိုသည်။ ဆရာတော်၏ ညီဖြစ်သူ မောင်ထွန်းစိန်မှာလည်း လွန်ခဲ့သည့် ၅ နှစ်ကျော်ခန့်က ရဟန်းဝတ်၍နေခဲ့ရာမှ စိတ်ဖောက်ပြန်ကာ မိမိ၏ ဦးခေါင်းအား သစ်သားတုတ်ဖြင့် ထုရိုက်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ဆရာတော် ပျံလွန်တော်မူသွားသည့် ဓါတ်ပုံနှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်စာမျက်နှာနှင့် ဗိုက်ဘာ (Viber)တို့တွင် လူမျိုးရေးအသွင်လို၊ ဘာသာရေးအသွင် သွေးထိုးလှုံ့ဆောင်မှုများသည် မဟုတ်မမှန် ရေးသားဖြစ်သာဖြစ်ပြီး ရွေးကောက်ပွဲနီးလာဖြစ်၍ ရခိုင်ပြည်နယ်တွင် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ယင်းသို့ သတင်းဖြန့်မှုများကို ရပ်တန့်ရန်လည်း ရဲမှူးကြီးက တိုက်တွန်းလိုက်သည်။

မိမိကိုယ်ကို သတ်သေခြင်း ဟုတ်မဟုတ် ပိုမိုသေချာအောင် ဆရာတော်၏ လက်ဖဝါးသွေးနှင့် လည်ပင်းကသွေးများကို DNA စစ်ဆေးရန် ပြည်ထောင့်အဆင့်သို့ ပေးပို့ထားကြောင်း၊ တစ်စုံတစ်ဦးက သတ်ဖြတ်သည်ဆိုပါက ပြစ်မှုဆိုင်ဥပဒေ ပုဒ်မ ၃၀၂ ၊ သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၅ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ဟုလည်း ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly