ဘေးတွဲဆိုင်ကယ် ပြဿနာ အဖြေရှာပေးပါ

By စည်သူအောင်မြင့်
24 September 2015
ဘေးတွဲဆိုင်ကယ် ပြဿနာ အဖြေရှာပေးပါ

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ နယ်သတင်းတွေထဲမှာ ဘေးတွဲဆိုင်ကယ်တွေကို လိုင်စင်လုပ်မပေးလို့ အခက်ကြုံနေရတဲ့ သတင်း၊ တချို့ မြို့တွေမှာ ဘေးတွဲသုံးဘီး ဆိုင်ကယ် တွေ များပြားလာလို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖေါက်မှုတွေ များလာပြီး သတိပေး နေရတဲ့ သတင်းတွေ အတွေ့ရ များလာပါတယ်။ တကယ်တော့ ဒီပြဿနာ နယ်သတင်းတွေ မှာ ရံဖန်ရံခါလောက်ပဲ တက်လာတာ ရှိပေမယ့် တစ်တိုင်းတစ်ပြည်လုံးနဲ့ ဆိုင်တဲ့ ပြဿနာ တစ်ခုပါ။ လက်ရှိ မြန်မာနိုင်ငံမှာ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်တွေကို ဘယ်လို အသုံးပြုနေကြသလဲ၊ ဘယ်လို အသုံးတည့်ပြီး ဘယ်လို ပြဿနာတွေများ ကြုံတွေ့ နေရ သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်ဆိုတာ အားလုံးကို သိမ်းကျုံး ခေါ်ဝေါ်တာပါ။ တကယ့်တကယ်ကျတော့ တစ်မြို့နဲ့တစ်မြို့ တစ်နေရာနဲ့တစ်နေရာ သုံးနေကြတဲ့ အမျိုးအစား ချင်းက မတူပါဘူး။ ပထမ တစ်မျိုးကတော့ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ သုံးဘီးဆိုင် ကယ်တွေပါ။ သူကတော့ အရင်ခေတ်က သုံးဘီးကားပုံစံအတိုင်း ထုတ်လုပ်ထားတာ ဖြစ်ပါ တယ်။ ရှေ့ဆုံး ဒရိုင်ဘာ ထိုင်ခုံရှေ့မှာ ဘီးတစ်ဘီး၊ နောက်မှာ ဘီးနှစ်ဘီးပါတဲ့ ယာဉ်ပါ။ ဆိုင်ကယ် အင်ဂျင်ပဲဖြစ်ပြီး ဆိုင်ကယ် မောင်းသလိုပဲ မောင်းရပါတယ်။

မြန်မာနိုင်ငံ အနှံ့အ ပြားမှာ အသုံးပြုနေပါတယ်။ နောက်တစ်မျိုးကတော့ ဘေးတွဲယာဉ်ပါ။ သူကတော့ ဆိုင်ကယ် ကို ပြည်တွင်းမှာပဲ ဘေးတွဲနဲ့ တွဲလိုက်တာမျိုး ဖြစ်ပါတယ်။ အဲဒီဘေးတွဲဟာ ကျယ်ဝန်းပြီး ကုန်ပစ္စည်းလည်း သယ်လို့ရပါတယ်။ လက်ရှိ မွန်ပြည်နယ် သထုံမြို့နဲ့ တခြားမြို့နယ်တွေမှာ အသုံးပြုပါတယ်။ နောက်တစ်မျိုးကလည်း ဆိုင်ကယ်ကို ဘေးတွဲ တပ်ထားတာပါ။ ဒါပေမယ့် သူ့ဘေးတွဲဟာ မကျယ်ဝန်းဘဲ လက်ရှိ အမြို့မြို့အနယ်နယ်မှာ လက်ကျန် ရှိနေသေးတဲ့ ဆိုက်ကားတွေနဲ့ ပုံစံတူပါတယ်။ ဆိုက်ကားပုံစံ လုပ်ထားတဲ့ ဆိုင်ကယ် ဘေးတွဲဆိုရင် မမှားပါ ဘူး။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း အရင်စစ်အာဏာရှင် အစိုးရခေတ်က မြန်မာနိုင်ငံကို ကားတင်သွင်းခွင့်တွေ ပိတ်ပင် ထားခဲ့ပါတယ်။ အကျိုးဆက်ကတော့ ပြည်တွင်းမှာ ကားဈေး နှုန်းတွေခေါင်ခိုက်နေ ပြီးပြည်သူတွေ ကားမစီးနိုင်ကြပါဘူး။ အနယ်နယ် အရပ်ရပ်က ပြည်သူ တွေကတော့ ဈေးပေါတဲ့ ဆိုင်ကယ်ကို ဝယ်စီးကြပါတယ်။ မြန်မာနိုင်ငံရဲ့ စက်တပ်ယာဉ် အရေအတွက်ကို ကြည့်ရင်လည်း ဆိုင်ကယ်ဟာ အရေအတွက် အများဆုံးဖြစ်နေတာ ဒီနေ့ထက်တိုင်ပါပဲ။

အရင် စစ်အစိုးရခေတ်က ကားတင်သွင်းခွင့် ပိတ်ပင်ထားတာ၊ ဒီနေ့ ထက်တိုင်အောင် ကားတင်သွင်းတာနဲ့ ပတ်သက်ပြီး ကောင်းမွန်စနစ်ကျတဲ့ ပေါ်လစီ မချမှတ် နိုင်တာကြောင့် ပြည်သူတွေ သွားရေး လာရေးနဲ့ ပတ်သက်ပြီး အခက်အခဲ တွေ့ကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ တစ်နံတစ်လျားက နယ်မြို့ပေါင်းများစွာမှာ ဘတ်စ်ကားလိုင်းတွေ မရှိ ပါဘူး။ ခေါက်တို ပြေးဆွဲနိုင်မယ့် ဈေးပေါပေါနဲ့ရမယ့် ပစ်ကပ်ကားလိုမျိုး ပြည်သူတွေ မသုံးနိုင် ပါဘူး။ နောက်ဆုံး ပြည်သူတွေဟာ အိမ်စီးလောက်ပဲ သုံးရမယ့် ဆိုင်ကယ်တွေကို ခရီးသည် သယ်ယူပို့ဆောင်ရေးလို စီးပွားရေး လုပ်ငန်းတွေမှာ အသုံးပြုလာကြ တဲ့အခြေအနေ ဆိုက် ရောက်ခဲ့ပါတယ်။

ခက်တာက ပြဋ္ဌာန်းဥပဒေတွေအရ နှစ်ဘီးပဲ ရှိတဲ့ အဲဒီ ဆိုင်ကယ်တွေကို ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ အသုံးပြုဖို့အတွက် ခွင့်ပြုထားတာ မရှိပါဘူး။ တကယ်လည်း ဒီလို ဆိုင်ကယ်တွေနဲ့ ခရီးသည်တွေကို သယ်ယူပို့ဆောင်တာဟာ ခရီးသည်တွေအတွက် လုံခြုံစိတ်ချရမှု မဖြစ်စေပါဘူး။ ဒီအတွက် အာဏာပိုင်တွေက ဖမ်းကြ၊ ဆီးကြနဲ့ မြန်မာနိုင်ငံ တစ်ဝှမ်းက ဆိုင်ကယ်ကယ်ရီ လုပ်ငန်းတွေ ဆိုတာဟာလည်း တရားမဝင် လုပ်ငန်းတွေသ ဖွယ် ဖြစ်နေပါတော့တယ်။

ဒါကြောင့် တချို့ မြို့နယ်တွေမှာ တရုတ်နိုင်ငံဘက်ကနေ သုံးဘီးဆိုင်ကယ်တွေ တင်သွင်းပြီး ခရီးသည်တင်နဲ့ ကုန်စည်တင် ခေါက်တိုယာဉ်အဖြစ် အသုံး ပြုဖို့ ပြည်သူတွေက ကြိုးစားလာကြ ပါတယ်။ ပြဿနာကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ က အဲဒီယာဉ်တွေကို မှတ်ပုံ မတင်ပေးတာ၊ လိုင်းဖွင့်ပြီး ပြေးဆွဲခွင့် မပြုတာမျိုးတွေ ဖြစ်ပါ တယ်။ တချို့ မြို့တွေမှာတော့ အာဏာပိုင်တွေက သူတို့သွင်းလာတဲ့ သုံးဘီးဆိုင်ကယ်မျိုးကို ဝယ်တဲ့သူတွေကိုပဲ လိုင်းဖွင့်ခွင့်ပေးမယ် ဆိုတာမျိုးလည်း လုပ်ခဲ့ပါတယ်။ ပြောရရင် ပြည်သူ တွေရော၊ ခရီးသည်တင်နဲ့ ကုန်စည်တင် ယာဉ်လိုင်းပြေးဆွဲမှု လုပ်ငန်းလုပ်မယ့် သူတွေပါ ဘယ်သူမှ အဆင်မပြေ ဆိုတာမျိုး ဖြစ်ပျက်နေတာပါ။

ဒီကြားထဲ နိုင်ငံခြားက ဝင်လာတဲ့ ဆိုင်ကယ်တွေကို ကိုယ့်ဖာသာကိုယ် ပြည်တွင်းမှာ လက်ဖြစ်လုပ်ထားတဲ့ ဘေးတွဲတွေ တပ်ပြီး ပြေးဆွဲဖို့ လုပ်ကိုင်နေကြတာပါ။ ဒါကလည်း သုံးဘီးဆိုင်ကယ်တွေ ဈေးကြီးတာ၊ ပြဿနာ တစ်စုံတစ်ခုဖြစ်ပြီး ဘေးတွဲဆိုင်ကယ်တွေကို အရေးယူမယ်ဆိုရင် ကိုယ့်ဘေးတွဲကိုယ် ဖြုတ်ပြီး ဆိုင်ကယ်အနေနဲ့ပဲ ပြန်သုံးလို့ ရနိုင်တာ ကြောင့် အလွယ်တကူလုပ်ပြီး စီးပွားရှာလာကြတာ ဖြစ်ပါတယ်။ နိဂုံးချုပ်လိုက်ရင် ခရီးသည် လည်း မလုံခြုံ၊ ကယ်ရီသမားလည်း ဟိုကြောက်ရ ဒီကြောက်ရ အခြေအနေမျိုးပါ။

ဒီပြဿနာ ပြေလည်ဖို့ဆိုရင် နိုင်ငံတစ်ဝှမ်းမှာ ခေါက်တိုပြေးဆွဲဖို့ ဈေးပေါတဲ့ မော်တော် ယာဉ်တွေ လိုပါတယ်။ ပစ်ကပ်၊ ဟိုင်းလတ် တစ်ပတ်ရစ်ကားမျိုးတွေ လိုပါတယ်။ ဈေးပေါပေါရ ရင် ပြည်သူတွေဟာ အဲဒီကားတွေ ဝယ်ပြီး ခရီးသည်တင်နဲ့ ကုန်တင် ခေါက်တိုယာဉ်အဖြစ် ဆွဲစားကြမှာပါ။ နောက်တစ်ချက်ကတော့ ဆိုင်ကယ်ကို ဘေးတွဲ ဒါမှမဟုတ် နောက်တွဲ တွဲတာ ပါ။ ဆိုင်ကယ်နဲ့ ခရီးသည် ပို့ဆောင်တာ မသင့်တော်ဘူးဆိုရင် ဘေးတွဲ ဒါမှမဟုတ် နောက်တွဲ ပါတဲ့ ယာဉ်တွေ ပြုလုပ်ခွင့်ပေး၊ ယာဉ်လိုင်စင်နဲ့ လုပ်ငန်းလိုင်စင်တွေ လုပ်ပေးဖို့ လိုပါတယ်။

ဒီအတွက် ခရီးသည် လုံခြုံစိတ်ချရတဲ့ ဘေးတွဲယာဉ်၊ နောက်တွဲယာဉ်တွေ စနစ်တကျ ထုတ်လုပ် တပ်ဆင်နိုင်ရေး အကူအညီပေးဖို့ လိုပါတယ်။ အသုံးပြုမယ့် နေရာတွေကို စနစ်တ ကျ ကန့်သတ်ပေးဖို့ လိုပါတယ်။ ဒါမျိုး ကမ္ဘာလှည့် ခရီးသည်တွေ အများအပြား သွားရောက်တဲ့ ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ် ဘုရားကျောင်း နယ်မြေရှိရာ ဆီယမ်ရိမြို့က ခရီးသည်တင် ဆိုင်ကယ် နောက်တွဲယာဉ်တွေ ကိုအတုခိုးနိုင်ပါတယ်။ အလွန်စနစ်တကျ တည်ဆောက် တပ်ဆင် ထားတာမျိုးပါ။ ဈေးလည်း ပေါပါတယ်။

ခြုံပြီး ပြောရရင်တော့ အာဏာပိုင်တွေအနေနဲ့ ပြည်သူတွေကို ဟိုဟာမလုပ်နဲ့ ဒီဟာ ဥပဒေနဲ့ မညီဘူးလို့ တားမြစ်နေမှာထက် ပြည်သူတွေရဲ့ လိုအင်ဆန္ဒ ပြည့်ဝအောင်၊ လုံခြုံ ဘေးကင်းအောင်၊ စီးပွားရှာ သူလည်း စီးပွားရှာနိုင်အောင် စနစ်တကျ စီမံဆောင်ရွက် ပေးသင့် ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။