ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကို သူရ ဦးရွှေမန်းဟု ရွေးကောက်ပွဲ ကော်မရှင် ဖေါ်ပြထား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကို သူရ ဦးရွှေမန်းဟု ရွေးကောက်ပွဲ ကော်မရှင် ဖေါ်ပြထား
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရွှေမန်းဖြစ်နေဆဲဖြစ်ကြောင်း ဖေါ်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် စာမျက်နှာကို စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ်။

ရန်ကုန်၊ စက်တင်ဘာ ၂၂။        ။ ပြည်ထောင်စု ကြံ့ခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် လက်ရှိ သမ္မတဦးသိန်းစိန်က တာဝန်ထမ်းဆောင်နေသည်ဟု ပါတီ၏ လက်ရှိ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ထုတ်ဖေါ်ပြောဆိုထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် ဝက်ဆိုဒ် စာမျက်နှာတွင်မူ သူရ ဦးရွှေမန်းဟု ဖေါ်ပြထားဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဖေါ်ပြချက်တွင် သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် ဖေါ်ပြထားသကဲ့သို့ ပါတီ၏ အထွေထွေ အတွင်းရေးမှူးမှာလည်း ဦးမောင်မောင်သိန်းဟု ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပါတီလာလျှောက်စဉ်က ပါတီခေါင်းဆောင်မှာ ဦးသိန်းစိန်ဟု ဖေါ်ပြထားပြီး ဒုတိယ ခေါင်းဆောင်မှာ ဦးဋ္ဌေးဦးဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

သို့သော် သြဂုတ်လ ၁၂ ရက်ညတွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်ခဲ့ပြီး ပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သူရ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်း တို့မှာ ပါတီတွင် တာဝန်ယူထားသည့် ရာထူး အသီးသီးမှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။

ယင်းနောက် ပါတီဥက္ကဋ္ဌမှာ ဦးဋ္ဌေးဦး ဖြစ်လာခဲ့ပြီး အထွေထွေ အတွင်းရေးမှူးမှာလည်း ဦးတင်နိုင်သိန်း ဖြစ်လာခဲ့သည်။ ယင်းအခြေအနေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက သြဂုတ်လ ၂၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဦးရွှေမန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်ရှိနေမည်ဟု အဆိုပါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

"သတင်းစာ ရှင်းလင်းပွဲတွင်  "ကျွန်တော်တို့က သူ့အပေါ်မှာယုံကြည်တယ်လေ၊ ဘာလို့ယုံကြည်တာလဲဆိုတော့ သူကနိုင်ငံတာဝန် ထမ်းဆောင် လာတဲ့အခါမှာ သူထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အင်မတန်မှသစ္စာရှိတယ်၊ ဒီလူပုဂ္ဂိုလ်ကို သစ္စာရှိရှိနဲ့ ပါတီအပေါ်မှာ နိုင်ငံအပေါ်မှာ သစ္စာဆက်ရှိနေတယ်လို့ပဲ အခုထက်ထိ ကျွန်တော်တို့က မှတ်ယူထား သလိုပါပဲ" ဟု ဦးရွှေမန်းကို ရည်ညွှန်းလျက် ပြောဆိုခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌကို ဦးရွှေမန်းဟု ဆက်လက် ဖေါ်ပြထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်ရာတွင် မှားယွင်းမှုများကြောင့် ဝေဖန်မှုများ ခံနေရသည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly