အပစ်ရပ်စာချုပ်ကိစ္စ စစ်ပွဲဒဏ်သင့်ပြည်သူများကို ကိုယ်စားပြုကာ ပြန်သုံးသပ်ရန် မြန်မာအမျိုးသမီးသမဂ္ဂပြော

အပစ်ရပ်စာချုပ်ကိစ္စ စစ်ပွဲဒဏ်သင့်ပြည်သူများကို ကိုယ်စားပြုကာ ပြန်သုံးသပ်ရန် မြန်မာအမျိုးသမီးသမဂ္ဂပြော

ချင်းမိုင်၊ စက်တင်ဘာ ၂၁။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးုထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခွင့် မရသေးသည့်အတွက် အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုဖြစ်စဉ်အပေါ် သံသယ ဖြစ်စေသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂက စက်တင်ဘာလ ၂၁ ရက် ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်အား ပြန်လည် သုံးသပ်သင့်သည်ဟု စက်တင်ဘာ ၂၁ရက်က ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၏ အဓိပ္ပာယ်နှင့် အနှစ်သာရ အပါအဝင် လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ထားရှိသည့် နိုင်ငံရေးဆန္ဒနှင့် စေတနာအား သံသယ ဖြစ်စေသည်”ဟု ဖော်ပြထားသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးနိုင်ရေးကိုသာ စိုင်းပြင်းမနေဘဲ လက်ရှိ စစ်ပွဲဒဏ်ကို ခံစားနေရသည့် ပြည်သူလူထုများ၏ ဆန္ဒနှင့် အသံအား ကိုယ်စားပြုကာ အပစ်အခတ် ရပ်စဲရေးကိုလုပ်ငန်းစဉ်အား ပြန်လည် သုံးသပ်သင့်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုများသဖြင့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တည်တံ့ခိုင်မာမှုနှင့် အာမခံချက်ရှိမှုတို့မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ် လုပ်ဆောင်နေချိန်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စသည့် အဖွဲ့အစည်းများအား အစိုးရ စစ်တပ်မှ တိုက်လေယာဉ်များ သုံးကာ အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်မှုများ ရှိခဲ့သည်ဟုလည်း ဆိုထားသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသော မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ စစ်မှန်သည့် စေတနာဖြင့် ပြည်သူတစ်ရပ်လုံး၏ အသံကို ထင်ဟပ်စေပြီး အာမခံချက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသာ ဖော်ဆောင်ရန် မြန်မာ့အမျိုးသမီးသမဂ္ဂမှ တောင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly