အိမ်ကွင်းအီတီဟတ်တွင် ဝက်စ်ဟမ်းအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းမှာ အဓိက ကွင်းလယ်ကစားသမား ဆေးလ်ဗားမပါဝင်နိုင်ခြင်းကြောင့် မဟုတ်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက် သည်။
မန်စီးတီးကွင်းလယ်ကစားသမား ဆေးလ်ဗားသည် ဝက်စ်ဟမ်းအသင်းနှင့် ကစားရန် ပြုလုပ်ခဲ့သည့် အပေါ့စားလေ့ကျင့်ခန်းအစီအစဉ်၌ အသေးစားဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပယ်လီဂရီနီသည် နာဗက်စ်ကို ပွဲထွက်ကစားသမားစာရင်းတွင် ထည့်သွင်းခဲ့ပြီး ဒီဘရိုင်းကို ဆေးလ်းဗားကစားသည့် နံပါတ် ၁၀ နေရာတွင် ထားကစားခဲ့သည်။
'ဆေးလ်ဗားဟာ ခြေသလုံးမှာ ဒဏ်ရာရရှိခဲ့တာပါ။ ဝက်စ်ဟမ်းနဲ့ပွဲမှာပါဝင်နိုင်ဖို့ ကြိုးစားခဲ့သေးပေမယ့် သူ့ရဲ့ကြွက်သားက တင်းပြီးနာကျင်နေလို့ မပါဝင်နိုင်ခဲ့ပါဘူး။ ဆေးလ်ဗားမပါဝင်နိုင်တာက ဝက်စ်ဟမ်း ကိုရှုံးနိမ့်ရခြင်းရဲ့ ဆင်ခြေမဟုတ်ပါဘူး' ဟု ပယ်လီဂရီနီက ပြောသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် အဖွင့်ပွဲစဉ် ငါးပွဲဆက်တိုက် အနိုင်ရထားသော်လည်း ယခုပွဲတွင် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ဝက်စ်ဟမ်းအသင်းသည် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် အနိုင်ရရှိမှုကို အဆုံးသတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သလို ယခုရာသီတွင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးတို့ကို အဝေးကွင်းများ၌ အနိုင်ရကာ ရာနှုန်းပြည့် အဝေးကွင်းနိုင်ပွဲ ရရှိခဲ့သည်။
ထို့ကြောင့် ထိုပွဲစဉ်တွင် ဝက်စ်ဟမ်းပရိသတ်များက 'ချန်ပီယံဆုအတွက် ချီတက်ကြမယ်' ဟု အော်ဟစ်အားပေးခဲ့ကြသည်။
Ref: Daily Mail