မလေးရှား ခြစားမှုအရှုပ်တော်ပုံကို FBI က စုံစမ်းစစ်ဆေးလျှက်ရှိဟုဆို

မလေးရှား ခြစားမှုအရှုပ်တော်ပုံကို FBI က စုံစမ်းစစ်ဆေးလျှက်ရှိဟုဆို

ကွာလာလမ်ပူ၊ စက်တင်ဘာ-၂၀ ။ ။ အကျပ်အတည်းတွေ့နေသည့် မလေးရှား အစိုးရရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ 1MDBအပေါ် ငွေလျှော်မှု စွပ်စွဲချက်များကို အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က စတင်စုံစမ်းစစ်ဆေးနေသည်ဟု Walll Street ဂျာနယ်က စက်တင်ဘာ ၂၀ရက်တွင် ဖော်ပြထားသည်။

ကြွေးဝန်ပိနေသည့် 1Malaysia Development Berhad (1MDB)ကို စုံစမ်းစစ်ဆေးသည့် နယ်ပယ်အကျယ်အဝန်းကိုမူ ကွဲကွဲပြားပြားမသိရသေးကြောင်း Wall Street က ထိုကိစ္စနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တစ်ယောက်ကို ကိုးကားဖော်ပြခဲ့သည်။ သို့ရာတွင် ထိုကိစ္စနှင့် ပတ်သက်၍ FBIကရော၊ 1MDBကပါ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိခဲ့ပေ။

ရဲအား တိုင်ချက်ဖွင့်ပြီး၊ အမေရိကန်အာဏာပိုင်များအား 1MDBတွင် ငွေလျှော်မှုစွဲချက်များကို စုံစမ်းစစ်ဆေးပေးရေး တိုက်တွန်းမည့် မလေးရှားအာဏာရပါတီ အဖွဲ့ဝင်ဟောင်းတစ်ဦးကို အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ ဖမ်းဆီးခဲ့ပြီးနောက် များမကြာမီတွင် FBI ၏ စုံစမ်းစစ်ဆေးမှုသတင်း ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

1MDB ၏ အကြံပေးဘုတ်အဖွဲ့ကို ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ကြီးမှူးနေသော်လည်း ကန်ဒေါ်လာ ၁၁ဘီလျံအကြွေးအပေါ် အငြင်းပွားမှုများနှင့် ဘဏ္ဍာရေးတလွဲ စီမံခန့်ခွဲသည်ဟု စွပ်စွဲချက်များကြောင့် အကျပ်အတည်းဆိုက်နေသည်။

ကုမ္ပဏီနှင့် ပတ်သက်သည့် အရှုပ်တော်ပုံမှာ ကျယ်ပြန့်ရှုပ်ထွေးလာရာ နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဟု ဆိုသည်။ 1MDBကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဆွစ်ဘဏ်များမှ ငွေကြေးများကို စီးဆင်းမှု ထိန်းချုပ်ထားမည်ဟု ဆွစ်အာဏာပိုင်များကို ယခုလတွင် ပြောကြားခဲ့သကဲ့သို့ ဟောင်ကောင်အာဏာပိုင်များကလည်း 1MDBနှင့် ပတ်သက်သည့် တိုင်ကြားချက်များကို စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လက 1MDBကို စုံစမ်းစစ်ဆေးသူများက ကန်ဒေါ်လာ သန်း၇၀၀နီးပါးမှာ ဝန်ကြီးချုပ် နာဂျစ်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ စီးဝင်သွားသည်ကို တွေ့ရှိခဲ့ကြကြောင်း Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကမူ ကိုယ်ကျိုးအတွက် မည်သည့်နေရာကမှ ငွေမယူခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။ မလေးရှား၏ ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီကလည်း ထိုငွေများမှာ အလှူငွေများဖြစ်သည်ဟု ကြေညာခဲ့သည်။

နာဂျစ်မှာ သူ၏ အာဏာရပါတီအတွင်းတွင်ပင် မကြုံဖူးသည့် ဝေဖန်မှုများကို ရင်ဆိုင်နေရကာ အထူးသဖြင့် ဝါရင့်နိုင်ငံရေးသမားကြီး ဝန်ကြီးချုပ်ဟောင်း မဟာသီရာ မိုဟာမက်ကဆိုလျှင် နာဂျစ်အား ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးဖို့ပင် တောင်းဆိုခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း အစိုးရဆန့်ကျင်သူများရော၊ အစိုးရထောက်ခံသူများပါ လမ်းများပေါ်သို့ ထွက်လာဆန္ဒပြနေကြရာ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာမည့်အပေါ် စိုးရိမ်မှုများလည်း ထွက်ပေါ်လာနေသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly