တစ်ဗန်း ငါးဆယ်၊ စျေး တစ်ဆယ်နှင့် ဟိုးလို့ဟောင်းလောင်း စျေးများအကြောင်း

တစ်ဗန်း ငါးဆယ်၊ စျေး တစ်ဆယ်နှင့် ဟိုးလို့ဟောင်းလောင်း စျေးများအကြောင်း

ရန်ကုန်မြို့တွင်း လမ်းဘေးဈေးရောင်းသူအရေအတွက် လျှော့ချရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့ရှိဈေး ၁၀ ဈေးတွင် နှစ်ထပ်ဈေးရုံ ၃၃ ရုံ ဆောက်နေသည့် သတင်း ဖတ်ရသည်။ ၇၅ ရာခိုင်နှုန်းပြီးနေပြီ်ဟုလည်း ဆိုသည်။

ဈေးရုံများ၌ ဈေးသည်တစ်ဦး ၅ ပေပတ်လည် အကျယ်ခွင့်ပြုမည်။ ဈေးကောက်ခွန် ကျပ် ၅၀ ကောက်ခံ မည်။ ဈေးဖွင့်ချိန်မှ ဈေးပိတ်ချိန်အတွင်း ဦးရာလူစနစ်နှင့် ရောင်းချခွင့်ပြုမည်။ အဆောက်အအုံ၏ စတုရန်းပေ ၂၅၀ အကျယ်အတွင်း ဈေးသည် ၁၀ ဦးသာ ရောင်းချခွင့်ပြုနိုင်မည် ဖြစ်၏။

အဆောက်အအုံ ၃၃ လုံးတွင် ရောင်းချခွင့်ပြုနိုင်မည့် အရေအတွက်ကား သိန်းနှင့်ချီ ရှိနေသည်ဆိုသော ရန်ကုန်လမ်းဘေးဈေးသည်များအတွက် ဆင့်ပါးစပ် နှမ်းပက်သလိုမျိုးဟု ဆိုသူက ဆိုသည်။ စာရေးသူတို့ အဖွဲ့သားများ ဆုံနေကျ လက်ဖက်ရည်ဆိုင်လေး၏ ဖိုးပြောချင်တို့ ဝိုင်းမှ ဆရာဖောက- “ဈေးတွေ ဈေးတွေရဲ့အပြင်မှာ ပျံကျဈေးသည်တွေက အောထလို့ပါဗျာ၊ ပျံကျဈေးသည်နဲ့ အဆောက်အအုံ ကာမိဖို့က လွယ်ပါ့မလား။ ဦးရာလူစနစ်နဲ့ဆိုတော့ ပိုလို့ဆိုးတာပေါ့။ စည်ပင်ကနေရာချပေးတဲ့ လူတွေပဲ အလုပ်ဖြစ်မလား၊ ပျံကျဈေးသည် မစွာတေးတွေနဲ့ပဲ နပမ်းလုံးနေရဦးမလား ကြည့်ကြသေးတာ ပေါ့ဗျာ” ဟူ၍။

မည်သို့ဆိုစေ၊ လမ်းဘေးဈေးရောင်းချသူအရေအတွက် လျော့ပါးရေးရည်ရွယ်ချက်ဖြင့် နှစ်ထပ်ဈေးရုံများ ဆောက်လုပ်ခဲ့သည့် မြို့တော်စည်ပင်၏ လုပ်ငန်းအောင်မြင်မှုကိုစောင့်ကြည့်ရန်သာ။

ရန်ကုန်မြို့လမ်းဘေးဈေးသည်ပြဿနာက အတန်ငယ် ရှည်လျားသည်။ ကျူးကျော်ရောင်းချမှု တစ်ခုတည်းကြည့်ရုံဖြင့် မလုံလောက်။ လမ်းဘေးပျံကျဈေးသည်အများစုမှာ ကျေးလက်နေဘဝများမှ စီးပွားရေး လုပ်ကိုင်ရှာဖွေရန် ခက်ခဲသဖြင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်း၍ ခေါင်းရွက်၊ ဗျတ်ထိုးရောင်းချခြင်း အပါအဝင် ရရာအလုပ်ဖြင့် လှုပ်ရှားရုန်းကန်ရင်း စီးပွားရှာဖွေ စားသောက်နေရသည့် ဘဝများ ဖြစ်သည်။

ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရ၏ အလုပ်အကိုင် ရှာဖွေပေးနိုင်မှုနှင့် သူတို့၏ စားဝတ်နေရေး အခြေအနေများအပေါ် ထောက်ရှု၍ ရန်ကုန်မြို့လယ်တွင် လမ်းဘေးဈေးရောင်းချမှုကို အခွန်မကောက်ဘဲ အချိန်အကန့်အသတ်ဖြင့် ရောင်းချခွင့်ပြုထားသည်။

သို့ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယင်းသို့ လမ်းဘေးဈေးသည်များအား အခွန်ကောက်ခံခြင်း မပြုသဖြင့် ဈေးကောက်မှုမှ ဝင်ငွေကျပ် သုည ဒသမ ၈ ဘီလီယံ လျော့ကျသွား သည် ဟုဆို၏။ ထို့ကြောင့်လားမသိ။ စာရေးသူတို့ အိမ်အတွက် ၂၀၁၅ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာအတွက် မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြေခွန်ကောက်ခံသည့် ပြေစာတွင် အထွေထွေခွန် လည်း ပါသည်။ အထွေထွေခွန်က ၇၆ ကျပ် ကျသင့်သည်။

အထွေထွေဆိုသည့်စကားက ဘာရယ်မှန်းမသိ။ စာရေးသူ၏ ဇနီးသည်က ပြေစာလာပေးသည့် ဝန်ထမ်းအမျိုးသမီးငယ်အား စပ်စုနေသံ ကြားရသည်။
    “ သမီး…အထွေထွေခွန်ဆိုတာ ဘာအတွက် ကောက်တာလဲ ”
    “ သမီးလည်း မသိဘူး အဒေါ်ရဲ့၊ မြို့နယ်ရုံးကို မေးကြည့်ပါလား ”
ဟုအကြံပေးနေသည်။

ပြေစာလာပို့သည့် ဝန်ထမ်းလေး ဖြေရန်ခက်နေသည်တော့ အမှန်။ စာရေးသူတို့ အိမ်ရှေ့အိမ်မှ ဘေလ်ထွက်ယူသော အငြိမ်းစားကျောင်း ဆရာကြီးက -
    “ အမလေး…ဆရာကတော်ရယ်၊ အထွေထွေဆိုတာ၊ အထွေထွေသုံးဖို့ ဖြစ်မှာပေါ့ဗျာ ” ဟူ၍။

မိုးထိအောင် လှေခါးထောင်နေသော ကုန်ဈေးနှုန်းများအကြားမှ အခွန်အခများနှင့် ပိနေသော ပြည်သူများအတွက် မြို့တော်စည်ပင်က ကောက်ခံသော အထွေထွေအခွန်ဆိုသည်ကတော့ အဖြေမဲ့ မေးခွန်း တစ်ခုသာ။

စာရေးသူက ‘အထွေထွေ’ ဟူသောစကားကို စဉ်းစားရင်း စာရေးဆရာသိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါး များစာအုပ်မှ ပစ္စန္တရစ်ဟူသော ဆောင်းပါးတွင် “တပေကုလား” ဟူသော တံငါရွာကလေး၏ အမည် ဆင်းသက် ပေါ်ပေါက်လာပုံကို တိတိကျကျ မပြောနိုင်ဘဲရှိရာ ကျေးရွာတွင် အသက်အကြီးဆုံး အဖိုးကြီး ဦးနောက်တိုးအား မေးကြည့်သောအခါ “တပေကုလား” ဆိုသော စကားမှာ “တံပေကုလား” ဟူ၍ အဓိပ္ပာယ်ရကြောင်း ပြောပြ လေသည် ဟူသော စာကြောင်းလေးကို အမှတ်ရသည်။

အထွေထွေခွန် ဆိုသည်ကိုလည်း ‘အထွေထွေခွန်’ ဟု မှတ်သားထားရုံသာ။ မြို့တော်စည်ပင်က ဈေးကောက်မရသဖြင့် လျော့နည်းသွားသော သုည ဒသမ ၈ ဘီလီယံ ဝင်ငွေ ကာမိစေရန် ပြည်သူများထံမှ အထွေထွေခွန် ဟုကောက်ခံနေသည်များလားဟူ၍ စိတ်ထဲတွင် မတင်မကျ ဖြစ်ခဲ့ရသည်။

ရန်ကုန်မြို့လယ်က လမ်းဘေးပျံကျဈေးသည်များ အထိုက်အလျောက် အသားတကျ ဖြစ်သည် ဆိုသော်လည်း ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်များရှိ ဈေးများ၏ အခြေအနေက ဆိုးဆိုးရွားရွား။ မင်္ဂလာဒုံမြို့နယ် ၊ထောက်ကြန့်လမ်းဆုံ၊ ရတနာဈေး၊ သဇင်လမ်းအတွင်းရှိ ပျံကျဈေးသည် ၃၀၀ ကျော်က အိမ်ရှေ့ဥပစာများ ပိတ်၍ရောင်းချနေခြင်း၊ ဈေးခုန်များတည်၍ သားငါးရောင်းချခြင်း၊ အများပြည်သူသွားသည့် ကွန်ကရစ်လမ်းမ ပေါ်တွင် ရောင်းချမှုများရှိ၍ စည်ပင်ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေကြောင်း နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ဖတ်ရသည်။

သင်္ဃန်းကျွန်းစံပြဈေးကြီးတို့၊ မြောက်ဥက္ကလာပ(ဈ) ဈေးတို့ ပတ်ဝန်းကျင်များတွင်လည်း ရတနာဈေးနှင့် ထူးမခြားနား။ စာရေးသူ တင်ပြလိုသည်မှာ ဟိုးလိုးဟောင်းလောင်း ဖြစ်နေသည့် စည်ပင်ဈေးများ အကြောင်း၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း) ဈေးများအနက် စာရေးသူတို့နားတွင် ဟိုးလိုးဟောင်းလောင်း ဖြစ်နေသည့် ဈေးကြီး ၂ ခု ရှိသည်။

တစ်ဈေးက အမှတ်(၄)ဈေးခေါ် ၄၀ ရပ်ကွက်ဈေး၊ နောက်တစ်ဈေးက - ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင် ဈေးတို့ပင် ဖြစ်ကြသည်။ ဈေးတွေက ရပ်ကွက် (၄) ခု ဆုံရာ လမ်းဆုံတွေနားမှာ ရှိသည်။

မြို့တော်စည်ပင်ဈေး ဆိုင်းဘုတ်တွေ ကလည်း အကျအန။ ဈေးရုံကြီးတွေကလည်းအခိုင်အခန့်။ ဈေးရုံထဲမှာ ဆိုင်ခန်းတွေကအပြည့်၊ ဈေးရုံအပြင် ဘက် ဈေးဝင်းထဲမှာလည်း ခေါင်းရွက် ဗျတ်ထိုးတွေရောင်းဖို့နေရာကျယ်ကျယ်မှာ ကွန်ကရစ်ကလည်း ခင်းပြီးသားအသင့်။

သို့ပေမင့် ဈေးတွေထဲမှာက ကျီးနှင့်ဖုတ်ဖုတ်၊ တချို့ ဆိုင်ခန်းတွေပေါ်မှာ တောင်းစုတ် ပလုံးစုတ်တွေနဲ့၊ ဗိုလ်မင်းရောင်ဈေးထဲက ဆိုင်ခန်းတစ်ခန်းပေါ်မှာ တောင်းစုတ်ပလုံးစုတ်တွေကြားထဲ ခွေးမိသားစု စတည်းချနေ တာကိုပင် တွေ့ခဲ့ရသည်။ သည်ဈေးတွေထဲမှာ ရှိရမယ့် ဈေးသည်တွေကတော့ မစည်ကားသင့်တဲ့ လမ်းဆုံ လမ်းခွနဲ့ ရပ်ကွက်ထဲက လမ်းကြိုလမ်းကြားတွေထဲမှာ။

ဈေးရုံထဲမှ လမ်းလေးခွဆုံသို့ ရွှေ့ပြောင်းရောက်ရှိလာသော ၄၀ ဈေးက ဗိုလ်မင်းရောင်လမ်းနှင့် တပင်ရွှေထီးလမ်းမကြီးများ ဆုံရာတွင် မနက်မိုးလင်းသည်နှင့် ကြက်ပျံမကျ စည်ကားလျက်။ လမ်းမကြီးတွေ က ပေ ၁၀၀ လမ်းတွေဆိုပေမင့် ကားနှစ်စီး မရှောင်သာတော့။ ဈေးဆိုင်တွေက လမ်းမပေါ် ရောက်နေပြီ။ ဈေးသွား ဈေးလာတွေက စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေနှင့် အချင်းချင်း အော်ကြ၊ ဟစ်ကြ ၊ဟွန်းတီးကြနှင့် နေ့စဉ် ဆူဆူညံညံ အန္တရာယ်ဇုန်လေးတစ်ခုဖြစ်၍ နေ၏။

အဓိပတိ ၂ဆိုသော ဟီးနိုးဘတ်စ်ကားကြီးသည် လမ်းဆုံရောက်လျှင် ကြက် အစာနင်သကဲ့သို့ရှေ့တိုးနောက်ငင်နှင့် အတန်ကြာမှ ဆက်သွားနိုင်သည်။ မနှစ်က သည်လမ်းဆုံမှာ မြေသယ်ကားကြီးအောက် စက်ဘီးတစ်စီး စိစိညက်ညက် ကြေသွားသည်။ ကံအားလျော်စွာစီးလာသည့် ကလေးက လွင့်စင်၍ လက်နှင့် နံရိုး ကျိုးသွားဖူးသည်။

ကားကားချင်း၊ ကားနှင့် စက်ဘီး၊ ကားနှင့် ဆိုင်ကယ် ငြိကြသည်ကလည်း မကြာခဏအနမတဂ္ဂ။ ယင်းသို့ စည်ပင်ဈေးကြီး အခိုင်အမာရှိပြီးသားဖြစ်ပါလျက် လမ်းဆုံလမ်းခွတွင်  ပျံကျလမ်းဘေးဈေးသည်များ အဖြစ် ရောက်ရှိနေခြင်းနှင့်ပတ်သက်၍ ၄၀ ရပ်ကွက်နေ မိတ်ဆွေတစ်ဦးက - “ သည်ဈေးသည်တွေ အားလုံးက အမှတ် ၄ ဈေးရုံထဲက ထွက်ပြီး ရောင်းကြတာ၊ စည်ပင်က အမှတ် ၄ ဈေးရုံကြီးထဲကို နှစ်ကြိမ် ပြန်သွင်းဖူးတယ်။ ပြီးတော့လည်း ပြန်ထွက်လာတာပဲ၊ စည်ပင်ကလည်း မနိုင်ပါဘူး ဗျာ။ ဈေးထဲ ဆိုင်ခန်းရှင်တွေကလည်း ဈေးမစည်ဘဲ အခွန်ဆောင်နေရတော့ နစ်နာတယ်ဆိုပြီး အော်နေကြ လေရဲ့” ဟူ၏။

နောက်တစ်ဈေးက ဗိုလ်မင်းရောင်ဈေး။

သည်ဈေးကလည်း ၄၀ ဈေးလိုပဲ ဟိုးလို့ဟောင်းလောင်း။  ဈေးထဲက ဈေးသည်တွေက သခင် ဖိုးလှကြီးလမ်း၊ ဓမ္မာရုံနားက လမ်းကြားမှာ ဈေးတစ်ဈေးနဲ့ ၄၈ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမကြီးပေါ်က ဖြိုးစပယ် မှတ်တိုင်နားမှာ တစ်ဈေး ခွဲထွက်သည်။ ဖြိုးစပယ်ဈေးဆို လူတိုင်းသိ။ ဈေးတွေက ရပ်ကွက်ထဲမှာဆိုတော့ အမှိုက်သရိုက်တွေ၊အနံ့အသက်တွေ၊ ကြွက်တွေ၊ ခွေးတွေတစီစီနဲ့ ဖရိုဖရဲဆိုင်ခန်းတွေနဲ့ ရပ်ကွက်နေ ပြည်သူများအတွက် ကျန်းမာရေးအန္တရာယ်ဇုန်။

သို့ပေမင့် မြို့တော်စည်ပင်ကတော့ သည်အန္တရာယ်လမ်းဘေးဈေးတွေကို ဆောက်ပြီးသား၊ လွတ်နေတဲ့ ဈေးရုံတွေထဲကို ပြန်မသွင်းဘဲ ဈေးရုံသစ်တွေ ဆောက်လို့ နေသည်။ တချို့ကတော့ နိုင်ငံတော် ဘတ်ဂျက် နစ်နာကြောင်း ပြောဆိုသူများရှိသကဲ့သို့ တချို့ကတော့ ‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ပေါ့ဗျာဟု ဆိုသူ ကလည်း ဆိုသည်။

လမ်းဘေးဈေးသည်များအဖြစ်သို့  ရွှေ့ပြောင်းရောက်ရှိနေသူများအား ဟိုးလို့ဟောင်းလောင်း ဖြစ်နေ သော မူလရှိပြီးသား ဈေးရုံကြီးများအတွင်း စနစ်တကျ ပြန်လည်သွတ်သွင်းရောင်းချနိုင်ရန် စီစဉ်မည် ဆိုပါက သက်ဆိုင်ရာဌာနများက နိုင်ငံတော်သမ္မတကြီး မကြာခဏ မိန့်ကြားနေသည့် စည်းမျဉ်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး (Rule of Law) နှင့် ကောင်းမွန်သော အုပ်ချုပ်ရေး(Good Governance)တို့နှင့် အညီဆောင်ရွက်ရာလည်း ကျမည်ဖြစ်ပါကြောင်းနှင့် သို့မဟုတ်ပါက စာရေးသူ၏ အမေ မကြာခဏ ပြောလေ့ ရှိသည့် စကားကဲ့သို့ “ ခါးတောင်းကြိုက် တခြား၊ အဝှာ တခြား” ဖြစ်မည် ဟုသာ ဆိုချင်ပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly