ကမ္ဘောဇဘဏ် လုပ်ငန်းများ ဒီဂျစ်တယ် အသွင်ပြောင်းရေး Microsoft က ဆောင်ရွက်မည်

ကမ္ဘောဇဘဏ် လုပ်ငန်းများ ဒီဂျစ်တယ် အသွင်ပြောင်းရေး Microsoft က ဆောင်ရွက်မည်
Photo Credit kbzbank

စက်တင်ဘာ ၁၉ ရက် ။      ။ ကမ္ဘောဇဘဏ်လီမိတက်နှင့် ကမ္ဘောဇအုပ်စု ကုမ္ပဏီလီမိတက်၏ လုပ်ငန်းများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး နားလည်မှု စာချုပ်ကို အမေရိကန်နိုင်ငံ Microsoft ကုမ္ပဏီနှင့် စက်တင်ဘာ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးကြသည်။

သဘောတူ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပရာ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell၊ Microsoft ကုမ္ပဏီအာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Mr.Bertrand Launay၊ Microsoft Asia Pacific, Southern Asia New Markets –General Manager Mrs. Michelle Simmons, MIT CEO ဦးထွန်းသူရသက်တို့ တက်ရောက်သည်။

Microsoft အနေဖြင့် မြန်မာနိုင်ငံ၌ အင်အားကြီးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကမ္ဘောဇအား ပထမဆုံး ရွေးချယ်ခြင်းဖြစ်သည်ဟု Microsoft ကုမ္ပဏီ အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဌ Mr.Bertrand Launay ကပြောသည်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် နိုင်ငံသားများအနေဖြင့် စီးပွားရေးလုပ်ငန်းများ၊ အချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု များကို Digital နည်းပညာအသုံးပြု၍ နိုင်ငံ၏ အရှိန်အဟုန်ဖြင့် တိုးတက်မှုများနှင့်အညီ ပိုမိုလုပ်ဆောင်လာနိုင်စေရန် ရည်ရွယ်သည်ဟုဆိုသည်။

ယခုသဘောတူမှုမှတစ်ဆင့် ကမ္ဘောဇဘဏ်လီမိတက်၏  IT အခြေခံအဆောက်အအုံကို Microsoft SQL Server 2012, Window Server 2012 နှင့် System Center 2012 တို့ဖြင့် အသွင်ကူးပြောင်း သွားမည်ဖြစ်ပြီး၊ ကွန်ပျူတာအလုံးပေါင်း ၇,၀၀၀ ကျော်တွင် Microsoft ၏ Window 10 devices, Skype for Business နှင့် Share Point များဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell ကလည်း ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် Customer များ၏ သတင်းအချက်အလက်များအား ပိုမိုလုံခြုံစေရန် သိမ်းဆည်းထား လာနိုင်မည်ဖြစ်သဖြင့် ယုံကြည်မှုလည်း ပိုမိုရရှိလာနိုင်မည်ဟုပြောသည်။

ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက်နှင့် သဘောတူညီချက်သည် မြန်မာနိုင်ငံတွင် Microsoft ၏ အကြီးမားဆုံး IT ဆိုင်ရာသဘောတူညီမှုဖြစ်ပြီး ယခုကဲ့သို့ IT ဆိုင်ရာပြောင်းလဲတပ်ဆင်မှုများ အပြည့်အဝပြီးစီး ရန်အတွက် တစ်နှစ်ခန့်ကြာမြင့်မည်ဟုလည်း သိရသည်။

Ref; kbzbank

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly