ကျေးရွာမီးလင်းရေး ကုန်ကျငွေစာရင်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသူ ရွာသားနှစ်ဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ

ကျေးရွာမီးလင်းရေး ကုန်ကျငွေစာရင်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသူ ရွာသားနှစ်ဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ
Photo Credit Zaw Kham Hein-Mizzima

စက်တင်ဘာ ၁၈ ။         ။ ကျောက်တန်းမြို့နယ်၊ ကုလားတန်းကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင်က ငွေစရင်းရှင်းတမ်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသဖြင့် အသရေဖျက်မှုဖြင့် တရားစွဲခံရကြောင်း ကာယကံရှင်များ က မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်ရုံးခန်း၌ သတင်းစာရှင်းပွဲပြုလုပ်ပြောဆိုသည်။

တရားစွဲခံရသူတစ်ဦးဖြစ်သည့် ဒေါ်တင်မာလွင်က ''သြဂုတ်လ ၇ ရက်နေ့ကပြုလုပ်တဲ့ မီးလင်းရေး ကော်မတီအစည်းအဝေးမှာ ကျွန်မနဲ့အတူ ကျေးရွာသား ၄ ဦးက ငွေစာရင်းကိစ္စမေးမြန်းတာ မရှင်းလင်းဘဲ တိုင်ချင်ရာတိုင်လို့ပြောပြီး အစည်းအဝေး ရပ်နားခဲ့တယ်။ နောက်ပြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲခံရတယ်။'' ဟု စက်တင်ဘာ ၁၈ ရက် သတင်းစာရှင်းပွဲတွင်ပြောသည်။

ယင်းသို့ 'ငွေစာရင်းတိကျစွာ ထုတ်ပြန်ခြင်းမရှိကြောင်း' ကို နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးဌာနသို့ လိပ်မူ၍ သြဂုတ် ၂၉ ရက်နေ့ထုတ် သူရိယနေဝန်းဂျာနယ်မှတဆင့် ဒေါ်တင်မာလွင်နှင့် ဒေါ်စန်းဋ္ဌေးတို့ က တိုင်ကြားခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် မီးလင်းရေးကော်မတီ အတွင်းရေးမှူး ဦးအောင်လင်းဦးက ဒေါ်တင်မာလွင်အား လည်းကောင်း၊ ကော်မတီအဖွဲ့ဝင် ဦးချစ်ကိုက ဦးအောင်စောနိုင်အားလည်းကောင်း တရားစွဲခဲ့သည်ဟု ဆိုသည်။ ဂျာနယ်မှတစ်ဆင့် တိုင်ကြားသူ နောက်တစ်ဦးဖြစ်သည့် ဒေါ်စန်းဌေး ပါဝင်ခြင်းကိုမူ တရားစွဲ ဆိုခြင်းမရှိသည်ကို တွေ့ရသည်။

ဦးအောင်စောနိုင်က ''ကျွန်တော်ကဆိုင်ကယ် ကယ်ရီဆွဲတာ။ မတင်မာလွင်ကို အကြိုအပို့ လုပ်ပေးနေ တာ ကော်မတီ အဖွဲ့ဝင်တွေမြင်ကြတော့ တိုင်တဲ့အထဲ ကျွန်တော်ပါတယ်ထင်ပြီး ကျွန်တော့ကိုပါ တရားစွဲတယ်။ စက်တင်ဘာ ၂ ရက်နေ့က အသရေဖျက်မှု တရားရုံး ဆင့်ခေါ်စာကို ၁၅ ရက်နေ့မှ ရုံးက လာပေးတယ်။ ၁၆ ရက် ရုံးချိန်းကျတော့သူတို့အဖွဲ့မလာဘူး။ အာမခံလုပ်ပြီးပြန်လာခဲ့ရတယ်။'' ဟု ပြောကြားသည်။

ဒေါ်တင်မာလွင်မှာ ရွာထဲတွင် မီးလင်းရေးကော်မတီဝင်များအားလုံး သူခိုးတွေကြီးဘဲဟု လိုက်လံ ပြောဆိုနေခြင်းကို မီးလင်းရေးကော်မတီအဖွဲ့ဝင်များက သည်းမခံနိုင်တော့၍ အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားမှုများရှိခဲ့ကြောင်း၊ ၎င်းက အကြိမ်ကြိမ် တောင်းပန်ဖြန်ဖြေပေးပြီး နောက်ဆုံး နှစ်ဦးစလုံးအား ပုဂ္ဂိုလ်ရေးအရ အသရေဖျက်မှုဖြင့် တရားစွဲလိုက်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့် ကပြောသည်။

ဒေါ်တင်မာလွင်အား တရားစွဲသည့် ကုလားတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ကော်မတီ အတွင်း ရေးမှူး ဦးအောင်လင်းဦးကလည်း ''ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ တရားစွဲတာ ကော်မတီအနေနဲ့ စွဲတာ မဟုတ်ဘူး။ အသေးစိတ်သိချင်ရင် ရွာလာခဲ့ပါ။'' ဟု မဇ္ဈိမ၏ ဖုန်းဖြင့် မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

၂၀၁၅ ခု ဧပြီလ ၈ ရက်မှစ၍ မီးသွယ်တန်းသော အိမ် ၁၆၇ လုံးအား တစ်အိမ်လျင် ကျပ်သုံးသိန်း နှုန်းဖြင့် ၅၀၁ သိန်းကို မီးလင်းရေးကော်မတီက ငွေကောက်ခံပြီး သြဂုတ် ၇ ရက်တွင် ရ/သုံး ငွေရှင်းလင်းရေး ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကော်မတီဝင်များနှင့် ကျေးရွာလူထုတစ်ချို့ အဆင်မပြေဖြစ်ကာ အစည်းအဝေးရပ်နားခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက်စွဲဖြင့် ကုလားတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ကုန်ကျငွေရှင်းတမ်းကို တစ်အိမ် တက်ဆင်းလိုက်ပေးခဲ့သည်ဟု ကုလားတန်းကျေးရွာမှ ဒေါ်စန်းဋ္ဌေးက ပြောကြားသည်။

တရားစွဲခံထားရသူ ဒေါ်တင်မာလွင်က ''မီးလင်းရေးနဲ့ မဆိုင်တဲ့ ရန်ကုန်သွား ဇက်ငှား ငါးသောင်း၊ ဇက်အတွက် ပံ့ပိုးငွေ ခုနှစ်သိန်း၊ ဇက်ကုန်းဘောင်ဖိုးလျှော် နှစ်သိန်း၊ ဦးအောင်ကျော် ကြိုးဆွဲအဖွဲ့ ပံ့ပိုးငွေ ၁၅ သိန်းနဲ့ ဆန်တစ်အိတ် ဆိုတာတွေက ဘာကြောင့်သုံးတာလဲ။ တခြားထောက်ပြစရာတွေ အများကြီးရှိသေးတယ်။'' ဟု ထိုငွေရှင်းတမ်းစာရွက်များကိုင်၍ မီဒီယာများကို ရှင်းပြသည်။

ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင်များကို ပြည်သူငွေအလွဲသုံးစားမှုနှင့် ပြန်လည်တရားစွဲပြီး သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားသွားမည်ဟု ၎င်းကဆက်ပြောသည်။

ကုလားတန်းကျေးရွာ မီးလင်းရေးအတွက် ထရန်စဖာကို လျှပ်စစ်မန်နေဂျာရုံးမှ ချပေးခြင်းမဟုတ်ဘဲ ကိုယ်ထူကိုယ်ထလုပ်ကြပြီး၊ လျှပ်စစ်မန်နေဂျာရုံးက (11 KV) လိုင်းဆွဲပေးခြင်းသာရှိကြောင်း၊ ကျေးရွာ မီးလင်းရေးကော်မတီနှင့် ကျေးရွာသားတစ်ချို့၏ ငွေကြေးကိစ္စမပြေလည်မှုသာဖြစ်သဖြင့် လျှပ်စစ်ဌာန နှင့် မသက်ဆိုင်ကြောင်း ကျောက်တန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဇော်မင်းဦးက မဇ္ဈိမကို ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly