တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရေး ရက်သတ်မှတ်ရန် အစိုးရက တစ်ဖွဲ့ချင်းဖိတ်ကြားမှုအပေါ် သံသယဖြစ်မိဟု NCCT ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရေး ရက်သတ်မှတ်ရန် အစိုးရက တစ်ဖွဲ့ချင်းဖိတ်ကြားမှုအပေါ် သံသယဖြစ်မိဟု NCCT ခေါင်းဆောင်ပြော

ချင်းမိုင်၊ စက်တင်ဘာ ၁၈။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တစ်ဖွဲ့ချင်းအလိုက် ဖိတ်ခေါ်စာပို့မှုအပေါ် သံသယ ရှိနေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်နိုင်ရေးအတွက် စက်တင်ဘာ ၂၀ရက်တွင် ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့အား တစ်ဖွဲ့ချင်း ဖိတ်ခေါ်မှုအပေါ် သံသယ ရှိနေခြင်း ဖြစ်သည်။

“သူတို့နဲ့ ဆွေးနွေးနေတာ အက်စ်ဒီအနေနဲ့ ဆွေးနွေးတယ်။ အက်စ်ဒီအနေနဲ့ ဆွေးနွေးနေတဲ့အနေအထားမှာ သူတို့ အဲဒီကိစ္စဆွေးနွေးချင်တယ်ဆိုရင် အက်စ်ဒီကို တိုက်ရိုက် (Direct)ပြုလုပ်ဖို့ သင့်တယ်လို့ မြင်တယ်။ အခုက အဲဒီလို မဟုတ်ဘူး။ တဖွဲ့ချင်းဆီကို လိုက်ပြီး ဖိတ်ခေါ်နေတယ်။ အဲဒီအပေါ်မှာ အမြင်မကောင်းဘူး။ အမှန်ကတော့ အက်စ်ဒီနဲ့ တိုက်ရိုက် စုပေါင်းပြီးတော့ ဆွေးနွေးနေတဲ့ကာလမှ တဖွဲ့ချင်းဆီကို လိုက်ဖိတ်ပြီးတော့ လုပ်နေတဲ့ကိစ္စက တိုင်းရင်းသားတွေကို ခွဲပြီးတော့မှ လုပ်နေတဲ့သဘောလားလို့”ဟု နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

လက်ရှိ အက်စ်ဒီအနေဖြင့် အစိုးရနှင့် ဆွေးနွေးနေသဖြင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုက်ရိုက် ညှိနှိုင်းပါရန် ယနေ့ ဆွေးနွေးဆုံဖြတ်ပြီးနောက် အသိပေးအကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက် နှစ်ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) အစည်းအဝေးတွင် စက်တင်ဘာလ ၉ ရက်က တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် ၅ ဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်ဖွဲ့ ခေါင်းဆောင် ၃ ဦးတို့ နေပြည်တော်တွင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုကို ပြန်လည် သုံးသပ်ခဲ့သည်ဟု သူက ပြောသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်က ကိုးကန့်တပ်မတော်ကိစ္စအား သီးသန့်ဆက်သွယ်နေသည်ဟု ပြောဆိုသော်လည်း မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA)ကို ယခုထိ မည်သို့ ဆက်သွယ်ဆွေးနွေးလာခြင်း မရှိသေးသလို၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)ကိုလည်း သီးခြား အပစ်အခတ် ရပ်နိုင်ရန်အတွက် အမြန်ဆုံး ဆွေးနွေးမည်ဟု ပြောဆိုမှုနှင့်ပတ်သက်၍လည်း အစိုးရဘက်မှ ယခုချိန်ထိ ဆက်သွယ်ခြင်း မရှိသဖြင့် ဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုမှုအပေါ် သံသယ ဖြစ်နေသည်ဟု နိုင်ဟံသာက ပြောသည်။

“အဲဒါတွေက သဘောက ဦးအောင်မင်းတု့ိက စကားလှအောင် ပြောနေတာလားလို့ သံသယဖြစ်တယ်။ နောက် အေအေ အဖွဲ့မှာ ထားတဲ့ သဘောထားကလည်း အေအေဖွဲ့က ဖြစ်နိုင်ချေမရှိဘူး။ ကောင်းတဲ့အမြင်တော့ မဖြစ်နိုင်ဘူးဆိုပြီး အေအေက မြင်နေတယ်”ဟု သူက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့မှ ၇ ဖွဲ့သာ NCAလက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေသည်ဟု ပြောဆိုမှုများရှိနေသော်လည်း လာမည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုမြို့တွင် လာမည့် စက်တင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပရန် ဆွေးနွေးထားသည်ဟု သူက ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် SD အစည်းအဝေးတွင် ထည့်သွင်း ဆွးနွေးခြင်း မရှိသော်လည်း အစိုးရအပေါ် ယုံကြည်မှု ကျဆင်းသွားကြောင်း နိုင်ဟံသာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly