အိန္ဒိယ မူလတန်းအောင် အဆင့်နိမ့်အစိုးရအလုပ်များအတွက် ပီအိပ်ချ်ဒီနှင့် ဘွဲ့ရများပင် လျှောက်ထားလာ

အိန္ဒိယ မူလတန်းအောင် အဆင့်နိမ့်အစိုးရအလုပ်များအတွက် ပီအိပ်ချ်ဒီနှင့် ဘွဲ့ရများပင် လျှောက်ထားလာ

နယူးဒေလီ၊ စက်တင်ဘာ - ၁၈ ။        ။ အိန္ဒိယ၏ လူဦးရေအများဆုံးပြည်နယ် အူတာ ပရာဒက်ရှ်မှ အာဏာပိုင်များမှာ အဆင့်နိမ့် အစိုးရအလုပ် ၃၆၈ နေရာအတွက် လျှောက်လွှာပေါင်း ၂.၃သန်းကို လက်ခံရရှိသည့်အခါတွင် အံ့အားသင့်ကုန်ကြသည်ဟု ဆိုသည်။

အလုပ်အတွက် တင်ကူးလိုအပ်ချက်များထဲတွင် မူလတန်းအောင်မြင်ပြီး စက်ဘီးစီးနိုင်ရမည်ဟူသည့် အချက်များ ပါဝင်နေသော်လည်း လျှောင်ထားသူများထဲတွင် ဘွဲ့ရ၊ ဘွဲ့လွန်နှင့် ဒေါက်တာဘွဲရသူများ ပင်သောင်းနှင့်ချီ၍ ပါဝင်နေသည်ဟု ဆိုသည်။ လျှောက်ထားသူအားလုံးကို အင်တာဗျူး ရမည်ဆိုလျှင် ၄ နှစ်အချိန်ယူရမည်ဖြစ်သည်။

''ဒီလျှောက်လွှာရှင်အားလုံးကို အင်တာဗျူးရမှာပါ။ ဒါပေမယ့် ဘုတ်အဖွဲ့ ၁၀ခုဖွဲ့ပြီး တစ်နေ့ကို အယောက်၂၀၀နှုန်းနဲ့ တစ်လမှာ ၂၅ရက် ဗျူးမယ်ဆိုရင်တောင် အားလုံးပြီးဖို့ဆိုရင် အနည်းဆုံး ၄နှစ် အချိန်ယူရပါလိမ့်မယ်''ဟု အကြီးတန်းအရာရှိ ပရာဘတ် မစ်တဲက ဘီဘီစီသို့ ပြောကြားခဲ့သည်။

သြဂုတ်လက ကြေညာခဲ့သည့် အလုပ်များအတွက် လျှောက်ထားသူများထဲတွင် ပီအိပ်ချ်ဒီဘွဲ့ရ ၂၅၅ယောက်နှင့် ရိုးရိုးဘွဲ့ရ ၁၅၂၀၀၀ ပါဝင်နေသည်ဟု ဆိုသည်။ လျှောက်ထားသူ အရေအတွက်အရ အလုပ်တစ်နေရာအတွက် ပြိုင်ဆိုင်နေကြသည့် လျှောက်ထားသူများမှာ ၆၂၅၀ကျော်ရှိသည်ဟု ဆိုသည်။

ရွေးချယ်ခန့်အပ်ခံရသည့် လျှောက်ထားသူများမှာ လစာအနေဖြင့် တစ်လျှင် ရူပီးငွေ ၁၆၀၀၀ (ကန်ဒေါ်လာ ၂၄၀)ရရှိမည် ဖြစ်သည်။ သန်းပေါင်း ဆယ်ဂဏန်းနှင့်ချီ၍ အလုပ်အကိုင်မရှိ ဖြစ်နေရာ အူတာ ပရာဒက်ရှ်ပြည်နယ်တွင် အလုပ်လက်မဲ့ပြဿနာမှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ ခန့်မှန်းချက်တစ်ခုအရ လူဦးရေ ၂၁၅သန်းရှိသည့် အူတာပရာဒက်ရှ် ပြည်နယ်တွင် ၂၀၁၇ခုနှစ်၌ အလုပ်လက်မဲ့ ၁၃.၂သန်းရှိလာမည်ဟု ဆိုသည်။

ယခုနှစ်အစောပိုင်းက လူထောင်ပေါင်းများစွာမှာ အိန္ဒိယစစ်တပ်သို့ ဝင်ရောက်ရန် တောင်ပိုင်းမြို့ ဝိစာခါပက်နမ်တွင် အလုအယက် တိုးဝှေ့ကြရာမှ လူအုပ်ပိ၍ အများအပြား ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။

၂၀၁၀ ခုနှစ်ကလည်း မွန်ဘိုင်းတွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ရန် လူ၁၀၀၀၀ကျော်မှာ အလုအယက် တိုးဝှေ့ကြရာ တစ်ယောက်သေဆုံးခဲ့ရပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly