Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲတွင် ကစားနည်းအသစ်များ ထည့်သွင်းထား

Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲတွင် ကစားနည်းအသစ်များ ထည့်သွင်းထား
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် Kietboarding ပြိုင်ပွဲအမျိုးအစား။ (ဓာတ်ပုံ - ရွက်လှေအဖွဲ့ချုပ်)

စက်တင်ဘာ ၁၈၊ ရန်ကုန်။      ။ လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၅ Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲတွင် မြန်မာနိုင်ငံနှင့် မရင်းနှီးသေးသည့် ရွက်လှေကစားနည်းအသစ်များ ထည့်သွင်းထားသည်။

အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်ထိ မြန်မာနိုင်ငံ၊ ငွေဆောင်ကမ်းခြေတွင် ပြုလုပ်မည့် အဆိုပါရွက်လှေပြိုင်ပွဲတွင် Windsurfing ၊ Kietboarding နှင့် Stand Up Paddle (SUP)စသည့် ကစားနည်း သုံးမျိုး ထည့်သွင်းထားသည်။

Windsurfing ရွက်လှေကစားနည်းမှာ မြန်မာနိုင်ငံတွင် ကစားနေကျ ကစားနည်းတစ်မျိုးဖြစ်သော်လည်း Kietboarding နှင့် Stand Up Paddle (SUP) ကစားနည်းတို့မှာ မြန်မာနိုင်ငံတွင် မကျင်းပဖူးသည့်အတွက် မြန်မာနိုင်ငံအတွက် ကစားနည်း အသစ်များ ဖြစ်လာသည်။

၂၀၁၅ ခုနှစ် Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲမှာ ၂၀၁၃ ဆီးဂိမ်းအားကစားပြိုင်ပွဲကဲ့သို့ နိုင်ငံတကာအဆင့် ပြိုင်ပွဲမျိုးမဟုတ်သော်လည်း ပြည်ပနိုင်ငံများမှ အားကစားအသင်း(သို့မဟုတ်) အားကစားသမားတစ်ဦးချင်းဖိတ်ခေါ်သော ကလပ်အဆင့် ပြိုင်ပွဲမျိုးသာ ဖြစ်သည်။

' မြန်မာကစားသမားတွေအတွက်က ကိုယ့်တိုင်းပြည်မှာ လုပ်တော့ လူတိုင်းစေ့ နီးပါး ဒီအတွေ့အကြုံကို ရနိုင်တယ်။ ပြိုင်ပွဲဝင်ဖို့ အဆင်သင့်မရှိသေးတဲ့ ကလေးတွေရှိတယ်။သူတို့လေးတွေကြတော့ တခြားစီနီ ယာတွေကို လေ့လာခွင့်ရတယ်။ သူများတိုင်းပြည်မှာ လုပ်ရင် စီနီယာကစားသမားတွေက သွားပြိုင်ပြီး အတွေ့အကြုံရခဲ့တာပဲ ရှိတယ်။ ဂျူနီယာကစားသမားလေးတွေက ဟိုဘက်တိုင်းပြည်ထိ သွားပြီး လေ့လာဖို့က အခက်အခဲတွေ အများကြီးရှိတယ်။အိမ်ရှင်အနေနဲ့ ဖိတ်ခေါ်ပြီး ကျင်းပတဲ့အတွက် ကျွန်တော်တို့ ကစားသမားလေးတွေ အတွက်အတွေ့အကြုံ အမြင်တွေ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်'ဟု မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် လက်ထောက် နည်းပြ ဦးစိုင်းပြည့်စုံဟိန်းက မဇ္ဈိမသို့ ပြောသည်။

ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း ဝင်ကြေး ပေးသွင်းပါက ဒေါ်လာ ၁၈၀ ကျသင့်မည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နောက် ပိုင်း စာရင်းပေးသွင်းပါက အမေရိကန်ဒေါ်လာ ၂၀၀ ကျသင့်မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly