ယခုနှစ်လှုပ်ခဲ့သမျှ အားအပြင်းဆုံး ချီလီငလျင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေ

ယခုနှစ်လှုပ်ခဲ့သမျှ အားအပြင်းဆုံး ချီလီငလျင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေ

ကိုကွင်ဘို၊ စက်တင်ဘာ - ၁၈ ။          ။ စက်တင်ဘာလ ၁၆ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော အားပြင်းငလျင်ကြောင့် ချီလီနိုင်ငံတွင် အနည်းဆုံး လူ ၁၂ဦးသေဆုံးခဲ့ရပြီး ရှည်လျားသည့် ကမ်းရိုးတန်း တစ်လျှောက်တွင် ဆူနာမီလှိုင်းလုံးကြီးများလည်း ဖြစ်ပေါ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့က လှုပ်ခတ်သွားခဲ့သည့် အင်အား ၈.၃ပမာဏရှိ ကမ်းလွန်ငလျင်မှာ ဘူမိဗေဒသဘာဝအားဖြင့် အပြောင်းအလဲမြန်သည့် ချီလီသမိုင်းတွင် ဆဌမမြောက် အားအပြင်းဆုံးဖြစ်ပြီး ယခုနှစ် ကမ္ဘာ အရပ်ရပ်တွင် လှုပ်ခတ်ခဲ့သမျှ ငလျင်များထဲတွင်လည်း အားအပြင်းဆုံးဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် ပစိဖိတ်ကမ်းရိုးတန်းဒေသများမှ လူ၁သန်းနီးပါးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး ချီလီအစိုးရက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသကဲ့သို့ ဂျပန်နှင့် နယူးဇီလန်နိုင်ငံများတွင်လည်း အလားတူ သတိပေးချက်များ ထုတ်ပြန်ထားသည်။

ငလျင်ဒဏ် အပြင်းထန်ဆုံးခံရသည့် ချီလီအလယ်ပိုင်းမှ ဒေသခံများမှာ ကုန်းမြင့်ပိုင်းနေရာများတွင် ခိုလှုံနေခဲ့ကြရပြီး နောက်ဆက်တွဲငလင်သေးများမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြာသပတေးနေ့အထိ ဆက်လက်လှုပ်ခတ်နေခဲ့သည်။

သူမနှင့် သူမ၏မိသားစု ဆူနာမီလှိုင်းလုံးများမှ လွတ်မြောက်ရန်အတွက် ကိုကွင်ဘို ကမ်းရိုးတန်းရှိ နေအိမ်မှ အသည်းအသန် ထွက်ပြေးခဲ့ကြရကြောင်း မာရီယာ ဇာမိုရာနို(၆၀နှစ်)က ပြောပြသည်။

''အဲဒီနေရာမှာပဲ ဆက်နေရင် ကျမတို့အားလုံး သေနေလောက်ပြီ''ဟု သူမက အေအက်ဖ်ပီကို ပြောသည်။ လူများမှာ နှေးကွေးသတိကြီးစွာဖြင် ၎င်းတို့၏ နေအိမ်အကြွင်းအကျန်များကို ကြည့်ရှုရန် ပြန်လာနေကြသည်ဟု ဆိုသည်။

ငလျင်မှာ ရေတိမ်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လူ ၆.၆သန်း မှီတင်းနေထိုင်ရာ ဆန်တီရာဂိုမြို့တော်၏ မြောက်ဘက် ၂၂၈ကီလိုမီတာ (မိုင်၁၄၀)ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည်။ လူထောင်ပေါင်းများစွာမှာ  ယိမ်းလှုပ်နေသည့် နေအိမ်အဆောက်အအုံများကို စွန့်ခွာထွက်ပြေးနေကြသောကြောင့် မြို့တော် ဆန်တီရာဂိုတွင် ဝရုံးသုဉ်းကား ရှုပ်ထွေးနေသည်ဟု ဆိုသည်။

ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအတွင်းတွင် ဆန်တီရာဂိုမြောက်ဘက် ကီလိုမီတာ ၄၀၀အကွာရှိ ကိုကွင်ဘိုဒေသရှိ ကမ်းခြေပေါ်သို့ ၄.၅မီတာ (၁၅ပေ)မြင့်သည့် ဆူနာမီလှိုင်းလုံးကြီးများ တက်လာ ခဲ့သောကြောင့် ဆိပ်ကမ်းမှာ အကြီးအကျယ် ပျက်စီးသွားခဲ့သည်။ သေဆုံးသူ ၁၂ယောက်အနက် ၈ယောက်မှာ ကိုကွင်ဘိုတွင် သေဆုံးခဲ့ခြင်းပင်ဖြစ်သည်။

ငါးဖမ်းလှေများ၊ ကားများနှင့် ဒါဇင်ပေါင်းများစွာသော အိမ်များမှာ ကိုကွင်ဘို၏ ပျက်စီးသွားသော ကမ်းနားပိုင်းတစ်လျှောက်တက် အပျက်အစီးများကြား ပေါ်ချည်မြှုပ်ချည် ဖြစ်နေကြသည်ဟု ဆိုသည်။ ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရသည့် ကမ်းရိုးတန်းမြို့ အီလာပဲတွင်လည်း အလားတူ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။   

''ဒါက ခြောက်အိပ်မက်တစ်ခုပါပဲ။ အချိန်အကြာကြီး ငလျင်လှုပ်နေတာကို ခံစားခဲ့ရပြီးနောက် ငလျင်သေးတွေ။ မတ်တပ်တောင် ရပ်မနေနိုင်ခဲ့ပေမယ့်လည်း ကံကောင်းထောက်မလို့ ကျမတို့ အသက်ရှင်နေနိုင်ခဲ့တယ်''ဟု အိမ်အပြင်ဘက်တွင် အပျက်အစီးများကို ရှင်းလင်းနေသည့် ဒေသခံ မာရီယာ ရာမီးရက်ဇ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။  

သက်သာချောင်ချိရေး လုပ်ငန်းအတိုင်းအတာကို သိရှိနိုင်ရန်အတွက် ချီလီသမ္မတ မီရှဲ ဘာချီလတ်မှာ ငလျင်ဒဏ်ခံဒေသများသို့ သွားရောက်နေသကဲ့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကလည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ကူညီရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

''လူထုကြီးရဲ့ ကြီးမားလှတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးပြုချင်ပါတယ်။ ဒီလောက်ကြီးတဲ့ငလျင်မှာ လူနည်းနည်းလေးပဲသေတာ အံ့သြစရာပါ''ဟု ဘာချီလတ်က ပြောကြားခဲ့သည်။

သို့ရာတွင် ပြည်ထဲရေးဝန်ကြီး ဟော့ဟဲ ဘားဂေါ့စ်ကမူ လူ၅ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် လူပေါင်း၆၀၀ကျော်မှာလည်း ခိုလှုံရာနေရာများတွင် အားရဖွယ်အနအထားတွင် မရှိကြောင်းပြောကြား ခဲ့သည်။  

ရာပေါင်းများစွာသောအိမ်များမှာ နေထိုင်ရန်မသင့် (သို့မဟုတ်)ပျက်စီးသွားပြီဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည့်အပြင် လူအသေအပျောက်၊ စိတ်ဒုက္ခနှင့် ငွေကြေးကုန်ကျစရိတ်များကို အာဏာပိုင်များက တွက်ချက်လျှက် ရှိသည်ဟု ဆိုသည်။

ချီလီနိုင်ငံမှာ မီးကွင်း (Ring of Fire)ဟုခေါ်သည့် ပစိဖိတ်ချိုင့်ဝှမ်းကို ဝိုင်းပတ်နေသည့် ငလျင်ကြောပေါ်တွင်ရှိနေသောကြောင့် မကြာခဏ ငလျင်လှုပ်နိုင်ပြီး မီးတောင်ပေါက်ကွဲမှုများ လည်းဖြစ်ပေါ်နိုင်သည် ဟုဆိုသည်။

၂၀၁၀ခုနှစ် ဖေဖော်ဝါရီလက ချီလီတောင်ပိုင်း ကမ်းရိုးတန်းကမ်းလွန်တွင် ၈.၈ပမာဏရှိ အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၅၀၀ကျော် သေဆုံးခဲ့ပြီး ကန်ဒေါ်လာ ၃၀ဘီလျံတန်ဖိုး ပျက်စီးဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly