လာမည့် ၂၀၅၀ ပြည့်နှစ် မတိုင်မီ လေထု ညစ်ညမ်းမှုများက တစ်နှစ်လျင် လူပေါင်း ၆ သန်း ကျော် သေဆုံးစေနိုင်

လာမည့် ၂၀၅၀ ပြည့်နှစ် မတိုင်မီ လေထု ညစ်ညမ်းမှုများက တစ်နှစ်လျင် လူပေါင်း ၆ သန်း ကျော် သေဆုံးစေနိုင်

စက်တင်ဘာ ၁၇ ။          ။ အိုဇုန်းဓါတ်ငွေ့ နှင့် သေးငယ်သော အမှုန်များကဲ့သို့ ညစ်ညမ်းစေသည့်အရာများ လေထုထဲတွင် ရောနှောပါရှိနေသည်ဖြစ်ရာ ယင်းလေထု အရည်အသွေးကို တိုးတက်ကောင်မွန်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပါက လာမည့် ၂၀၅၀ မတိုင်မီ တစ်နှစ်လျင် လူပေါင်း ၆ ဒသမ ၆ သန်းခန့် ကို အချိန်မတိုင်မီ စောစီးစွာသေဆုံးစေနိုင်ကြောင်း သိပ္မံပညာရှင်များက စက်တင်ဘာ ၁၆ ရက်တွင် သတိပေးပြောကြားလိုက်သည်။

Nature ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာချက်တစ်ရပ်အရ တစ်နှစ်တစ်နှစ် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃ ဒသမ ၃ သန်းခန့် မှာ ပြင်ပလေထု ညစ်ညမ်းမှုများကြောင့် သေဆုံးခဲ့ရသည် ကိုတွေ့ရှိထားခဲ့ ရသည်ဟု ဆိုသည်။ အဆိုပါ သေဆုံးမှုများတွင် အများစုမှာ အာရှတိုက်မှ ဖြစ်ပြီး ယင်းဒေသတွင် လူနေအိမ်များမှ ချက်ပြုတ်ကြော်လှော်မှုကဲ့သို့သော စွမ်းအင်ထုတ်လွှင့်မှုများ ရှိသည်ဖြစ်ရာလေထု ညစ်ညမ်းမှု ဆိုးကျိုးကို အဓိက ခံစားနေရခြင်းလည်းဖြစ်သည်။

အဆိုပါ သေဆုံးမှု ပမာဏသည် လာမည့် ၃၅ နှစ် နောက်ပိုင်းတွင် ထပ်မံ၍ နှစ်ဆခန့်ထိ မြင့်တက်လာနိုင်ဖွယ်ရှိနေရာ လေထု အရည်အသွေး သန့်ရှင်းရေးဆိုင်ရာ လုပ်ဆောင်ချက်များ အချိန်မီပြုလုပ် ကြရန် သုတေသနပညာရှင်များက သတိပေးလိုက်ခြင်းပင်ဖြစ်သည်။

" ဒါဟာဆိုရင် အံံ့သြလောက်စရာ ကိန်းဂဏန်းတွေပဲဖြစ်ပါတယ်၊ တစ်ချို့နိုင်ငံတွေမှာဆိုရင် လေထုညစ်ညမ်းမှုက လူသေဆုံးမှုတွေအတွက် တကယ့် အကြောင်းရင်းကြီးတစ်ရပ်လိုဖြစ်နေတာပါ၊

နိုင်ငံအများစုမှာတော့ ဒီပြဿနာက ကိုင်တွယ်ဖြေရှင်းရမယ့် အဓိကကိစ္စပဲဖြစ်ပါတယ်" ဟု ယခု သုတေသနကို ဦးဆောင်ပြုလုပ်နေခဲ့သည့် ဂျာမနီနိုင်ငံ မက်စ် ပလန့်က် Max Planck ဓါတုဌာန မှ ဂျို့ လယ်လီဗယ် Jos Lelieveld က ဆိုသည်။

လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုများသည် အများစုအားဖြင့် လေဖြတ်ခြင်း၊ နှလုံး နှင့် အဆုတ်ရောဂါများ နှင့် ပတ်သက်ဆက်နွယ်နေပြီး အဆုတ်ကင်ဆာ နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့်လည်း သက်ဆိုင်နေသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ပြင်ပရှိလေထုညစ်ညမ်းမှု၏ သေဆုံးမှု ဆိုးကျိုးများကို တွက်ချက်ရသည်မှာ မလွယ်ကူလှပေ။ ကမ္ဘာ့ဒေသတိုင်းတွင်လည်း လေထု အရည်အသွေး ကိုစောင့်ကြည့် တိုင်းတာနေခြင်းမျိုး မရှိသည့်အတွက်ကြောင့်လည်း တစ်စိတ်တစ်ဒေသအားဖြင့် တွက်ချက်နိုင်ခဲ့သည်။ လေထုထဲရှိအမှုန်များ၏ အဆိပ်အတောက်ဖြစ်နိုင်မှုသည် ယင်း အရင်းအမြစ်များအပေါ်မူတည်ကာ ကွဲပြားနေသည်။

ယခု ရလဒ်များအရ ချက်ပြုတ်မှုများ၊ အပူပေးစနစ်တို့မှ ဓာတု ထုတ်လွှ့င့်များ ရှိနေသည့် အိန္ဒိယ နှင့် တရုတ်နိုင်ငံများတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှု အများဆုံးဖြစ်နေသည်။ ယင်းသို့ဖြစ်ရာ ယခု ယခုလေ့လာချက်သည် အာရှတိုက်၏ လူနေမှုအထူထပ်ဆုံးသော နေရာများမှ နေအိမ်များအနေဖြင့် လေထုအရည်အသွေးထိန်းသိမ်းရန်လိုအပ်နေမှုကို ပြသရာရောက်သည်ဟု သိပ္မံပညာရှင် တစ်ဦးဖြစ်သည့် အိုလီဗာ ဝိုင်း Oliver Wild ကလည်း ထောက်ပြပြောကြားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly