မြန်မာ့ရွေးကောက်ပွဲကို ကမ္ဘာကြည့် ကြည့်မြင်

မြန်မာ့ရွေးကောက်ပွဲကို ကမ္ဘာကြည့် ကြည့်မြင်

နိုဝင်ဘာ ၈၊ ၂၀၁၅တွင် ကျင်းပမည်ဟုဆိုသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကား အချိန်အားဖြင့် တစ်လခွဲခန့်သာ လိုတော့သည်။ ပါတီပေါင်း ၉၂ ပါတီနှင့် စံချိန်တင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ လူများပြီး ပွဲစည်မည့်သဘော ရှိသည်။

လက်ရှိ ကာလတွင် အဓိကပါတီကြီး နှစ်ခုဖြစ်သော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) နှင့် အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) တို့သည် နှစ်ကောင်ပြေး မြင်းပြိုင်ပွဲအလား ထူးထူးကဲကဲ သာလွန်ထိုးထွက်ကာ မဲဆွယ် စည်းရုံးနေကြသည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွင် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ သည် မိမိတို့ပါတီ၏ မူဝါဒများကို ချပြ စည်းရုံးကြရသည်၊ မဲဆန္ဒရှင် ပြည်သူများက မေးလာသော မေးခွန်းများ ကိုဖြေရသည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည်လည်း မိမိတို့ အနိုင်ရပါက ဆောင်ရွက်ရမည်များကို ပြောဟော စည်းရုံးကြရသည်။

မဲဆန္ဒရှင် ပြည်သူများသည် နှစ်ပေါင်းများစွာအတွင်းတွင် ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ခု၏ အငြင်းပွားဖွယ်ရာ ရလဒ်များကို ပြီးခဲ့သည့် ငါးနှစ်က ခံစားခဲ့ရပြီး ဖြစ်သည်။ ငါးနှစ်အတွင်း အာဏာရ ပါတီ၏ ဆောင်ရွက်မှုများ၊ အာဏာရပါတီ ဥက္ကဋ္ဌမှသည် အစိုးရ အဖွဲ့ခေါင်းဆောင် သမ္မတဖြစ်လာသူ၏ အမြော်အမြင်၊ အတွေးအခေါ်နှင့် လုပ်ရည်ကိုင်ရည်များကို စောကြောပြီး ဖြစ်သည်။

အင်န်အယ်လ်ဒီ ပါတီကမူ ပြောင်းလဲချိန်တန်ပြီ ကြွေးကြော်သံဖြင့် လူထုကို ညာသံပေး စည်းရုံးလာသည်။ လူထု၏ အငုံ့စိတ်ကို နှိုးဆွပေးသည်။ မြန်မာတစ်ပြည်လုံး၏ မဲအားလုံးကို ရယူနိုင်ရန် သည်းသည်း သန်သန် ကြိုးပမ်းလာသည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် အဆက်ဆက် အောက် ပိပြားငြိမ်ဝပ်ခဲ့ရသော မိန်းမော တွေဝေနေသည့် လူထုကို နိုးထကြရန် လွတ်လပ်မှုနှင့် ဒီမိုကရေစီ ခေါင်းလောင်းထိုးသည်။

ဤတွင် သတိချပ်ရမည်မှာ နှစ်ကောင်ပြေး မြင်းပြိုင်ပွဲကဲ့သို့ ဖြစ်နေသဖြင့် ဟိုဘက်ဒီဘက်၊ သူ့လူကိုယ့်လူ၊ မိတ်ဆွေပါတီ ရန်သူပါတီ သဘောထားကြမည် မှန်သော်လည်း စင်စစ်အားဖြင့် မဲဆန္ဒ ရှင် ပြည်သူများကြား အမုန်းမပွားရန် လိုသည်။ အမုန်းမပွားရန် အမုန်းစကားများကို ရှောင်ရှားကြရ ပေလိမ့်မည်။ ပြည်သူ့ ကိုယ်စားလှယ်လောင်းများက ဆင်ခြင်အပ်သလို မဲဆန္ဒရှင် ပြည်သူများကလည်း ဂရုပြုအပ်သည်။

ဖြစ်ပျက်ခဲ့သမျှ၊ ခါးစည်းခံခဲ့ရသမျှ၊ ဆင်းရဲခဲ့သမျှ အားလုံးကို မေ့ပစ်လိုက်ရန် ဆိုလိုရင်း မဟုတ်ပါ။ ခေတ်ပြောင်းခေတ်လွဲနှင့် မြန်မာ့အနာဂတ်ကို ယခုထက် ကောင်းမွန်ရန် အားထုတ် ကြိုးပမ်းနိုင်သော အခွင့်အရေးတစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင် ရနိုင်ချိန်တွင် မဖြုန်းတီးပစ်ရန် သတိပေးလိုရင်း ဖြစ်သည်။ မဲစာရင်း စစ်ပါ၊ မဲ ပေးပါ၊ တိုင်းပြည်ကို သစ်လွင်တောက်ပအောင် အသည်းကြားက မဲတစ်ပြားဖြင့် ဖန်တီးပါဟု အကြံပြုလိုရင်း ဖြစ်သည်။

အာဆီယံဒေသတွင်းမှ နာမည်ကျော် ထိုင်းသတင်းစာဆရာ ကဗီ ချောင်ကစ်တဗွန်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် အာဆီယံကို စိတ်လှုပ်ရှားစေသည်ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအတွက် ကောင်းမွန်သော အနာဂတ်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲက ဖော်ထုတ်ပေးနိုင်ကြောင်း သုံးသပ်သည်။ ပြည်တွင်းပြည်ပ နိုင်ငံရေး အကဲခတ်များက ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အထူးစိတ် ဝင်စားစွာဖြင့် စောင့်ကြည့်နေပါသည်။ ထင်ထင်ရှားရှား ဆိုရသော် မြန်မာပြည်သူ အများစုထက်ပင် နိုင်ငံတကာက မြန်မာ့ရွေးကောက်ပွဲကို ပို၍ စိတ်ဝင်စားနေပါ သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ၏ ရလဒ်သည် အာဆီယံဒေသတွင်းနှင့် ကမ္ဘာတိုင်အောင် ဆက်ဆံရေး၊ စီးပွားရေးနှင့် အထွေထွေ အပြောင်းအလဲများကို ဆောင်ကြဉ်း နိုင်ပေလိမ့်မည်။

မဲဆန္ဒရှင် ပြည်သူအများစုသည် နေ့စဉ်စားဝတ်နေရေးနှင့် နပန်းလုံးပြီး ရုန်းကန်နေကြရသည် ကိုလည်း ခံစား နားလည်နိုင်ပါသည်။ သို့တိုင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုလည်း ပစ်မထား သင့်ဘဲ အာရုံထား စေစားသင့်ပါသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ပိပြားဒဏ်နှင့် ဉာဏ်တိမ်စေရန် ပြုလုပ် ထားခြင်း ခံရလင့်ကစား မဲဆန္ဒရှင်ပြည်သူများ နိုးထချိန် တန်ပါပြီ။ ဒီတစ်ကြိမ် ပြည်သူများ မနိုင်လျှင် ပြည်တွင်း အာဏာရှင်များသာမက စေ့စေ့စပ်စပ်နှင့် အကွက်ချောင်းနေသော နိုင်ငံတကာမှ လုပ်စား ကိုင်စားများကပါ နိုင်စားသွားပါလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags