စက်တင်ဘာ ၁၆ ရန်ကုန်။ ။ ၂၀၁၆ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေသော မြန်မာယူ-၁၉အသင်းနှင့် ထိုင်းယူ-၁၉အသင်းတို့ စက်တင်ဘာလ ၂၀ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
မြန်မာယူ-၁၉အသင်းမှာ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲအတွက် ကစားသမား ၂၃ဦ ဖြင့်လေ့ကျင့်မှုများ ပြုလုပ်နေပြီး ပြည်တွင်းကလပ်အသင်းများနှင့်ခြေစမ်းပွဲများယှဉ်ပြိုင်ကစားနေသည်။
မြန်မာယူ-၁၉အသင်းမှာ အာရှခြေစစ်ပွဲအုပ်စု(ဆ)တွင် ဗီယက်နမ်၊ တီမော၊ ဘရူနိုင်း၊ ဟောင်ကောင်အသင်းများနှင့် တစ်အုပ်စုတည်း ကျနေပြီး စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည်ဖြစ်သည်။
ထိုင်းယူ-၁၉အသင်းမှာ အာရှယူ-၁၉ခြေစစ်ပွဲအုပ်စု(ဇ)တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ မြောက်မာရီယာနာအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
မြန်မာယူ-၁၉အသင်းနှင့် ထိုင်းယူ-၁၉အသင်းတို့မှာ အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ခြေစမ်းကစားခဲ့ဖူးပြီး ထိုင်းအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရထားသည်။
မြန်မာယူ-၁၉အသင်းနှင့် ထိုင်းယူ-၁၉အသင်းတို့ခြေစမ်းပွဲကို စက်တင်ဘာ ၂၀ရက်(တနင်္ဂနွေ) ညနေ ၅း၀၀နာရီတွင် သုဝဏ္ဏကွင်း၌ ကစားမည် ဖြစ်ပြီး MRTV Entartainment Channel မှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။