ကွင်းလယ်ပိုင်းအားနည်းချက်များကို ပြင်ဆင်ရန် လိုအပ်နေသေး ဟု ဒေါ်သက်သက်ဝင်း သုံးသပ်

ကွင်းလယ်ပိုင်းအားနည်းချက်များကို ပြင်ဆင်ရန် လိုအပ်နေသေး ဟု ဒေါ်သက်သက်ဝင်း သုံးသပ်
ဂျော်ဒန်အသင်းနှင့် အုပ်စုအဖွင့်ပွဲ ယှဉ်ပြို်င်ကစားနေသည့် မြန်မာအမျိုးသမီးအသင်းအား တွေ့ရစဉ် (ဓာတ်ပုံ- MFF)

စက်တင်ဘာ ၁၅၊ ရန်ကုန်။        ။ ၂၀၁၆ အိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ကွင်းလယ်ပိုင်းအားနည်းချက်များကို ပြင်ဆင်ရန် လိုအပ်နေသေးသည် ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ဂျော်ဒန်အသင်းကို ၂-၀ ဖြင့် အနိုင်ရရှိသော ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ခဲ့သည်။

 မြန်မာအမျိုးသမီးအသင်းသည် အဆိုပါခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် ဂျော်ဒန်အမျိုးသမီးအသင်းကို ခြေစွမ်းအသာဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ခင်မိုးဝေ၊ ဝေေ၀အောင်တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရကာ ပွဲဦးထွက် အနိုင် သုံးမှတ် ရယူနိုင်ခဲ့သည်။

“ ပရိသတ်တွေ ပျော်ရွှင်မှုရအောင် ပွဲတိုင်းအနိုင်ကစားပါ့မယ်။ ကွင်းလယ်အားနည်းနေတာကိုတော့ ပြင်ဆင်ရပါဦးမယ်။ ခင်မာလာထွန်းနဲ့ သန်းသန်းထွေးက ကြံ့ခိုင်မှု မပြည့်သေးလို့ထည့်မသုံးသေးတာပါ။

ဒီနေ့ပွဲကို လာအားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်လာမယ့်ပွဲတွေမှာလည်း မြန်မာအမျိုးသမီးအသင်းကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် ” ဟု နည်းပြ ဒေါ်သက်သက်ဝင်းက ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အိုလံပစ် ခြေစစ်ပွဲဒုတိယအဆင့်ပြိုင်ပွဲတွင် တရုတ်တိုင်ပေ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန် စသည့်အသင်းများနှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အမှတ်အများဆုံး အသင်းတစ်သင်းသာ ခြေစစ်ပွဲ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

မြန်မာအသင်းသည် လာမည့် စက်တင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ည ၆း၃၀ တွင် ထိုင်းအသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး MRTV Entartainment Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly