တရုတ်နိုင်ငံသားနှစ်ဦး ထိုင်းပြပွဲမှ စိန်ကို မျိုချခိုးယူခဲ့

တရုတ်နိုင်ငံသားနှစ်ဦး ထိုင်းပြပွဲမှ စိန်ကို မျိုချခိုးယူခဲ့

ဘန်ကောက်၊ စက်တင်ဘာ-၁၄ ။         ။ ဘန်ကောက်သို့ အလည်အပတ်လာရောက်သည့် တရုတ်ဧည့်သည်အတွက် သတင်းကောင်းမှာ ဆရာဝန်တစ်ယောက်က သူမ၏ အစာခြေစနစ်ကို ပျက်ဆီးစေနိုင်သည့် သူမ၏ အူမကြီးအတွင်းမှ ထူးဆန်းသည့်အရာဝတ္ထုတစ်ခုကို အောင်မြင်စွာ ဖယ်ရှားပစ်လိုက်နိုင်ခြင်းပင်ဖြစ်ပြီး၊ သတင်းဆိုးမှာ ထိုအရာဝတ္ထုမှာ ကျောက်မျက်ရတနာ ပြပွဲတစ်ပွဲမှ သူမခိုးယူလာခဲ့သည်ဟု အစွပ်စွဲခံနေရသည့် ဘတ်၁၀သန်း (ကန်ဒေါ်လာ ၂၇၈၀၀၀)တန် စိန်ပွင့်တစ်ပွင့်ဖြစ်နေသောကြောင့် သူမကို စွဲဆိုထားသော အမှုအတွက် ထင်ရှားသည့် သက်သေအထောက် အထား ဖြစ်သွားခြင်းပင် ဖြစ်သည်။

သဘာဝနှင့် ဝမ်းနှုတ်ဆေးများက အပြင်ထွက်လာအောင် မတတ်နိုင်သောကြောင့် ဆရာဝန်က အူတွင်းကြည့်မှန်ပြောင်းနှင့် ဆေးပလာယာကိုသုံးပြီး ခိုးဝှက်ခဲ့သည်ဟု စွပ်စွဲခံနေရသည့် အမျိုးသမီး၏ အူမကြီးအတွင်းမှ အလေးချိန် ၆ကာရတ်ရှိ စိန်တုံးကို ဆွဲထုတ်နိုင်ခဲ့သည့်အခါတွင်မှ အာဏာပိုင်များက ခိုးမှု၏ လျှို့ဝှက်ဆန်းကြယ်သော အဖြေကို သိရှိသွားခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး မန်နာ တီရင်မောင်ပက်က စက်တင်ဘာလ ၁၃ရက်နေ့က ပြောကြားခဲ့သည်။

ကျောက်မျက်ပြပွဲတွင် တပ်ဆင်ထားသည့် ဗွီဒီယိုကင်မရာတွင် စုံတွဲမှာ စိန်အစစ်ကို စစ်ဆေးကြည့်သလိုလိုနှင့် အတုနှင့်လဲလိုက်သည်ကို မှတ်တမ်းတင်ထားသည့်အပြင် စိန်ရောင်းသည့် ဆိုင်ပိုင်ရှင် ကလည်း ၎င်းတို့နှစ်ဦးကို မှတ်မိနေခဲ့သောကြောင့် ၃၉နှစ်အရွယ် အမျိုးသမီး ကျန်ရှူလင်းနှင့် တရုတ်အမျိုးသားတစ်ယောက်တို့ကို စက်တင်ဘာလ ၁၀ရက်နေ့က သုဝဏ္ဏဘူမိလေဆိပ်မှ ထွက်ခွာအံ့ ဆဲဆဲတွင် ထိုင်းရဲက ဖမ်းဆီးခဲ့သည်။

သံသယရှိသူများက ကနဦးတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းပယ်ခဲ့ကြသော်လည်း ဓာတ်မှန်များတွင် အမျိုးသမီး၏ အူမကြီးအတွင်း စိန်သဏ္ဍန်အရာဝတ္ထုကို ဖော်ပြနေသောကြောင့် နောက်ပိုင်းတွင် သူမက ဝန်ခံလာခဲ့သည်ဟု ရဲက ပြောကြားခဲ့သည်။ ပြစ်မှုထင်ရှားပါက ထိုတရုတ်နိုင်ငံသားနှစ်ယောက်မှာ ထောင်သုံးနှစ်အထိ ကျခံရနိုင်သည်ဟုလည်း ရဲက ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးမှူးချုပ် မန်နာ၏ ပြောကြားချက်အရ စိန်တုံးက သူမကို အနာတရဖြစ်စေနိုင်ကြောင်း ပြောကြားသည့်အခါတွင် အမျိုးသမီးက အသေးစားခွဲစိတ်မှုပြုလုပ်ရန် သဘောတူခဲ့ပြီး ထုတ်ယူပြီး သည့်နောက်တွင် စိန်ပိုင်ရှင်ကလည်း ၎င်းပိုင်ပစ္စည်း မှန်ကန်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ကျောက်မျက်ရတနာများကို အစာခြေစနစ်အတွင်း ဝှက်သယ်သည့်အလေ့အထမှာ ရှားပါးသော်လည်း ဖြစ်လေ့ဖြစ်ထမရှိသည်တော့ မဟုတ်ပါ။ ဤနည်းကို မူးယစ်ဆေးမှောင်ခိုသမားများက အသုံးများပြီး ၎င်းတို့က အကောက်ခွန်စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရန်အတွက် ကွန်ဒုန်များထဲတွင် ကိုကိန်း (သို့မဟုတ်) အခြားတရားမဝင်ပစ္စည်းများ အပြည့်အသိပ်ထည့်၍ မျိုချလေ့ရှိကြသည်။

၂၀၁၂ခုနှစ်ကလည်း နိုင်ငံအတွင်းမှ ခိုးထုတ်ရန်ရည်ရွယ်ချက်ဖြင့် သွေးပြီးသားစိန်ပွင့် ၂၂၀ကို မျိုချခဲ့သည့် ၂၂နှစ်အရွယ်အမျိုးသားတစ်ယောက်ကို တောင်အာဖရိကရဲက ဖမ်းဆီးခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly