IS ခေါင်းဆောင်မှာ တရားမဝင်သော လူလိမ်ဖြစ်သည်ဟု အယ်ခိုင်ဒါခေါင်းဆောင်က ပြစ်တင်ရှုတ်ချ

IS ခေါင်းဆောင်မှာ တရားမဝင်သော လူလိမ်ဖြစ်သည်ဟု အယ်ခိုင်ဒါခေါင်းဆောင်က ပြစ်တင်ရှုတ်ချ

လန်ဒန်၊ စက်တင်ဘာ-၁၄ ။        ။ ပြင်းထန်ရင့်သီးသော သတင်းစကားတစ်ခုတွင် အယ်လ်ခိုင်ဒါခေါင်းဆောင်က အိုင်အက်စ်တို့၏ ခေါင်းဆောင်မှာ ခါလီဖိတ်နိုင်ငံတာ်အတုအယောင်၏ တရားမဝင်သော ခေါင်းဆောင်တစ်ယောက်သာ ဖြစ်သည်ဟု ငြင်းဆန်ပယ်ချလိုက်သည်။

ဂျီဟတ်အုပ်စုနှစ်စုကြား ခါးသီးသောအမုန်းပွားနေမှုအဖြစ် အယ်လ်ခိုင်ဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီက အိုင်အက်စ်အကြမ်းဖက်အုပ်စုခေါင်းဆောင် အဘူ ဘခါ ဘက်ဒါဒီအား ဂျီဟတ်လှုပ်ရှားမှု ကိုတရားမဝင် ချုပ်ကိုင်ထားမှုအတွက် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်သည်။

''ကျနော်တို့က ဒီခါလီဖိတ်နိုင်ငံတော်ဆိုတာကို အသိအမှတ်မပြုဘူး။ အဘူ ဘခါ ဘက်ဒါဒီဟာ ခါလီဖိတ်ရဲ့ ခေါင်းဆောင် ဖြစ်ထိုက်တယ်လို့လည်း ကျနော်တို့ မမြင်ဘူး''ဟု အယ်ခိုင်ဒါခေါင်းဆောင် ဇာဝါဟီရီက ပြောကြားကြောင်း စက်တင်ဘာ ၉ရက်နေ့က လိုင်းတင်လာသည့် SITE Intelligent ၏ ဘာသာပြန်ချက်အရ သိရှိရသည်။

ဆက်လက်ပြီး ဇာဝါဟီရီက အယ်လ် ဘက်ဂါဒါဒီမှာ အမည်မသိ လက်တစ်ဆုပ်စာလူတစ်စု၏ ထောက်ခံမှုဖြင့် သူ့ကိုယ်သူ ခါလစ်ဟု ကြေညာနေသည့် လူလိမ်တစ်ယောက်သာဖြစ်ကြောင်းနှင့် သူတို့ကိုယ် သူတို့ အစ္စလာမ်နိုင်ငံတော်ဟု ခေါ်နေကြသည့် အိုင်အက်များမှာလည်း ညှိနှိုင်းတိုင်ပင်မှုများမှတစ်ဆင့် လူထုက ရွေးချယ်ရမည့်အစား ပေါက်ကွဲမှုများ၊ ကားဗုံးခွဲမှုများဖြင့် အဓမ္မထူထောင်ထားသည့် အဖွဲ့ စည်းတစ်ရပ်သာဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အယ်လ် ဘက်ဂါဒါဒီမှာ အိုင်အက်စ်နယ်မြေအတွင်းမှမဟုတ်သည့် ကမ္ဘာအရပ်ရပ်မှ မွတ်စလင်များကို ထောက်ပံ့ရန် ပျက်ကွက်နေသည်ဟုလည်း ဇာဝါဟီရီက ဝေဖန်လိုက်သည်။

''အစ္စရေးရဲ့ ဗုံးတွေအောက်မှာ ဂါဇာတစ်ခုလုံး မီးလောင်ကျွမ်းနေတော့ အယ်လ် ဘက်ဂါဒါဒီက စကားလေးတစ်ခွန်းနဲ့တောင် မဖေးမခဲ့ဘူး။ ဘယ်သူနဲ့မှမတိုင်ပင်ဘဲ သူ့ကိုယ်သူ ခါလစ်တစ်ယောက်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ မူဂျာဟစ်ဒင်တိုင်းက သူ့ကို သစ္စာခံရေးသာလျှင် သူ့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်နေတယ်''ဟုလည်း အယ်ခိုင်ဒါခေါင်းဆောင် ဇာဝါဟီရီက ပြောကြားခဲ့သည်။

ထို့အပြင် အယ်လ် ဘက်ဂါဒါဒီမှာ အယ်ခိုင်ဒါနောက်လိုက်များအား ၎င်းတို့၏ အရေးတော်ပုံကို စွန့်လွှတ်ပြိး အိုင်အက်စ်ကိုသာ သစ္စာခံကြရန် လှုံ့ဆော်တိုက်တွန်းနေသည်ဟုလည်း ဇာဝါဟီရီက စွပ်စွဲပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly