ကိုလံဘီယာတွင် တွမ်ခရုဇ်ရုပ်ရှင်အဖွဲ့လေယာဉ်ပျက်ကျ လူနှစ်ဦးသေဆုံး

ကိုလံဘီယာတွင် တွမ်ခရုဇ်ရုပ်ရှင်အဖွဲ့လေယာဉ်ပျက်ကျ လူနှစ်ဦးသေဆုံး

ဆန်ပက်ဒရို ဒီ မီလာဂရော့စ်၊ စက်တင်ဘာ - ၁၃ ။         ။ ဟောလီးဝုဒ်ကြယ်ပွင့် တွမ်ခရုဇ် ပါဝင်သရုပ်ဆောင်သည့် ရုပ်ရှင်ကားမှ ရိုက်ကူးရေးအဖွဲ့ဝင်များကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းမှာ ကိုလံဘီယာနိုင်ငံတွင် ပျက်ကျခဲ့ရာ လူ၂ဦး သေဆုံးသွားခဲ့သည်ဟု လေကြောင်းအာဏာပိုင်အဖွဲ့နှင့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က ပြောကြားခဲ့သည်။

ရိုက်ကူးရေးဝန်ထမ်းများမှာ ဒါရိုက်တာ ဒေါက် လီမန်၏ Mena ရုပ်ရှင်ကားကို ရိုက်ကူးပြီး မက်ဒယ်လင်းရှိ အင်းရစ် အိုလာယာ ဟာရီးရားလေဆိပ်သို့ ပြန်လာစဉ် ပျက်ကျသွားခဲ့ခြင်းပင်ဖြစ်သည်။

''ဒီလိုခက်ခဲတဲ့အချိန်မှာ ရုပ်ရှင်အဖွဲ့ရဲ့ကိုယ်စား  သေဆုံးသွားတဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသာစုတွေအတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်''ဟု Universal Pictures က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

လေယာဉ်မှာ ကိုလံဘီယာ၏ တောင်ထူထပ်သည့်နယ်မြေအတွင်းရှိ ဆန် ပက်ဒရို ဒီ လော့စ် မီလာဂရော့စ်မြို့အနီးတွင် ပျက်ကျသွားခဲ့ခြင်ပင်ဖြစ်သည်။ အင်ဂျင်နှစ်လုံးတပ် လေယာဉ်မှာ ဒေသစံတော်ချိန် ၅နာရီ ၃၀မိနစ်ခန့်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု ကိုလံဘီယာ အမျိုးသား အရပ်ဖက်လေကြောင်းအာဏာပိုင်အဖွဲ့ှု Aerocivil မှ အူရီရယ် ဘီဒိုရာက ပြောကြားခဲ့သည်။

တွမ်ခရုဇ်မှာ အမေရိကန်လေယာဉ်မှူး ဘာရီ ဆီး၏ ဘဝကို အခြေခံထားသော ရုပ်ရှင်အတွက် သရုပ်ဆောင်ရန် သြဂုတ်လ ၂၀ရက်နေ့တွင် ကိုလံဘီယာသို့ ရောက်ရှိလာခခဲ့သည်။ ဘာရီဆီးမှာ ၁၉၉၃ခုနှစ်က မက်ဒယ်လင်းတွင် အသတ်ခံခဲ့ရသည့် မုူးယစ်ရာဇာ ပက်ဘလို အက်စကိုဘာအတွက် အလုပ်လုပ်ပေးခဲ့သူပင် ဖြစ်သည်။

သေဆုံးသွားသည့် ရိုက်ကူးရေးသမားနှစ်ဦးစလုံးမှာ အမေရိကန်နိုင်ငံသားများဖြစ်ကြပြီး အလန် ပါဝင်းနျင့် ကားလို့စ် ဘားတို့ဖြစ်သည်ဟု ဆိုသည်။

လေယာဉ်မှူးဖြစ်သည့် ဂျင်မီ လီ ဂါလန်မှာမူ လေယာဉ်ပျက်ကျရာတွင် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သော်လည်း ယခုအခါ မက်ဒယ်လင်းဆေးရုံတွင် ကုသမှုခံယူနေပြီး အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly