မူဆယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု တအာင်းအမျိုးသမီးအဖွဲ့ထုတ်ပြန်

မူဆယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု တအာင်းအမျိုးသမီးအဖွဲ့ထုတ်ပြန်

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်။ ချင်းမိုင် (မဇ္ဈိမ) ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မော်တောင်းလုံကျေးရွာသား (၈) ဦးကို တပ်မတော် ခလရ (၄၅) ကွတ်ခိုင်တပ်ရင်းမှ အကြောင်းပြချက်မရှိဘဲ မူဆယ်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ဟု သတင်းရရှိသည်။

မော်တောင်းလုံကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးအိုက်မောက်ခမ်း၊ ရွာသားဖြစ်သော ဦးသန်းထွန်း၊ ဝင်းအောင်၊ ပန်းရံအဖြစ် အလုပ်လုပ်နေကြသော လွယ်ပေါင်းကျေးရွာနေ ဦးအိုက်ယိုင်၊ မိုင်းအဂျား၊ နမ့်ခမ်းမြို့နေ ဦးအနော ၊ မန်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်ကြာနှင့် ကျောင်းဒကာကြီး ဦးဆွယ်ငင်းငိုတို့ကို စက်တင်ဘာလ ၁၀ ရက် ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးသွာသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်းက ထုတ်ပြန်သည်။

“မလွတ်လာသေးဘူး။ သူတို့ကို မူဆယ်ဘက် ခေါ်သွားတယ်လို့တော့ ကြားတယ်။ ဘာမှ အကြောင်းပြချက်မရဘဲ ဖမ်းသွားတယ်။ သူတို့မိသားစုကတော့ ကျမတို့ကို လာအကူအညီတောင်းတယ်။ အမြန်ပြန်လွတ်ပေးစေချင်ကြတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး လွေးပိုးညိူဝ်းက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူများအား ၎င်းတို့၏ နေအိမ်များမှ လာရောက် ဖမ်းဆီးသွားသဖြင့် ကျေးရွာသားများ ထိန်လန့်နေကြသည်ဟု သူက ပြောသည်။ “စစ်ပွဲဖြစ်ရင်တော့ စစ်ပွဲကြောင့်ဖမ်းတယ်လို့ပြောလို့ရသေးတယ်။ အခုက အဲဒီမှာ စစ်ပွဲလည်း မဖြစ်ဘူး။ ကွတ်ခိုင် ဘက်တော့ ဖြစ်တယ်။” ဟု သူက ဆက်ပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီးထားသူများအား ချက်ချင်းပြန်လွတ်ပေးရန် တောင်းဆိုထားသည်။

ရွာသားများ ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ မဇ္ဈိမက မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ မသိရပါဘူးခင်ဗျား။ တခြားဌာနကို မေးရင်မေးပါ။” ဟု တာဝန်ရှိသူတစ်ဦးက ပြန်ဖြေကြား သည်။

အဆိုပါရွာသားများ ဖမ်းခံရမှုနှင့်ဆက်စပ်ပြီး ၎င်းတို့အား မူဆယ်ဖက်သို့ဆောင်သွားကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကလည်း စက်တင်ဘာလ ၁၀ ရက်က သတင်းထုတ်ပြန်ထားသည်။

TNLA တပ်ရင်း ၂၂၃ တပ်ဖွဲ့ နှင့် အစိုးရစစ်တပ်၏ တပ်မ ၉၉ တို့အကြား စက်တင်ဘာလ ၁၁ ရက်တွင် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအနီး တစ်နာရီခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags