ဗီယက်နမ်တွင် စာမတတ်သူ ၁ ဒသမ ၅ သန်း ကျော်ရှိနေ

ဗီယက်နမ်တွင် စာမတတ်သူ ၁ ဒသမ ၅ သန်း ကျော်ရှိနေ

ဟနွိုင်း၊ စက်တင်ဘာ ၁၂ ။       ။ ဗီယက်နမ်တွင် အသက် ၁၅ နှစ်နှင့် ၆၀ နှစ် အကြား စာမတတ်သူဦးရေ ၁ ဒသမ ၅ သန်းရှိနေသေးကြောင်း အစိုးရပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံအတွင်းရှိ ခရိုင်နှင့် မြို့ကြီး အားလုံးတွင် ၂၀၀၀ ပြည့်နှစ်အထိ စာမတတ်သူပပျောက်ရေး ရည်မှန်းချက်ကို ပြည့်မီအောင် လုပ် ဆောင်နိုင်ခဲ့ကာ ပညာရေးအစီအစဉ်များကို ဆက်လက် လုပ်ဆောင် ခဲ့သော်လည်း အချို့ဒေသတွင် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များ ပျက်ကွက်ခဲ့သောကြောင့် ၂၀၁၅ ခုနှစ် ရည်မှန်းချက်ကို ရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ကြောင်း စဉ်ဆက်မပြတ်ပညာရေး ဌာနအကြီးအကဲ ငုယင်ကွန်ဟင်းက ပြောကြားသည်။

စာတတ်မြောက်ရေး အခြေခံနှင့်အဆင့်မြင့်သင်တန်းများသို့ တက်ရောက်သူ အရေအတွက်သည် ယခင်နှစ်များအတွင်း ၆၀၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ၂၈၀၀၀ ဦးသာ ရှိခဲ့သည်။

အချို့ဒေသများတွင် အာဏာပိုင်များက စာမတတ်မြောက်မှုပပျောက်ရေးအစီအစဉ်အပေါ် စိတ်ဝင်စားမှုမရှိသောကြောင့် ပြည်သူများအနေဖြင့် စိတ်ဝင်စားမှု လျော့ကျခဲ့ခြင်းဖြစ် ကြောင်း ငုယင်ကွန်ဟင်း ကပြောသည်။

ပို့ချသူ ဆရာများအနေဖြင့်လည်း သင်တန်းတက်ခြင်းမရှိခဲ့သောကြောင့် ကျွမ်းကျင်မှုမရှိခဲ့ကြောင်း သိရသည့်အပြင် ဒေသတွင်း တာဝန်ရှိသူများအနေဖြင့် လိုအပ်ချက်များကို လေ့လာစမ်းစစ်ခြင်းနှင့် လုံလောက်သည့် သင်ထောက်ကူပစ္စည်များ စုဆောင်းခြင်းတို့ မလုပ်ဆောင်ခဲ့ဟု ငုယင်ကွန်ဟင်းက ပြောကြားသည်။

တောင်ပေါ်ဒေသများတွင် တိုင်းရင်းသားများသည် အလွန်ဆင်းရဲကြသောကြောင့် ပညာရေးအပေါ် အာရုံမစိုက်နိုင်ဖြစ်ကာ စာမတတ်မှုပပျောက်ရေးလုပ်ငန်းအတွက် အခက်အခဲဖြစ်ပေါ်စေကြောင်း ဗီယက်နမ်သင်ယူမှုမြှင့်တင်ရေးအသင်း ဒုတိယဥက္ကဌနှင့်အထွေထွေအတွင်းရေးမှူးဖြစ်သူ ငုယင်တတ် ဒေါင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly