လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြနိုင်ရန် အချိန်အနည်းငယ် လိုအပ်ဟု အောင်သူ ဆို

လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြနိုင်ရန် အချိန်အနည်းငယ် လိုအပ်ဟု အောင်သူ ဆို
နယူးဇီလန်နှင့်ခြေစမ်းပွဲတွင် အောင်သူကို တွေ့ရစဉ်။ ဓာတ်ပုံ- ရွှေဘုတ်

ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည့် ရတနာပုံတိုက်စစ်မှူး အောင်သူက လက်ရွေးစင်အသင်း၌ အသားကျရန် အချိန်အနည်းငယ် လိုအပ်သည်ဟု ဆိုသည်။

အောင်သူသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းနှင့်အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၂၀၁၄ အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း မြန်မာ နိုင်ငံအတွက် ပထမဦးဆုံး ရယူပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦး ဖြစ်သည်။

သို့သော် အောင်သူ သည် မြန်မာ့လက်ရွေးစင်အသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့် ကစားခွင့်မရသလို နယူးဇီလန်နှင့် ခြေစမ်းပွဲ၌လည်း ပရိသတ်များ မျှော်လင့်ထားသလောက် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

“ ကျွန်တော်အကောင်းဆုံး ကြိုးစားနေပေမယ့် လက်ရွေးစင်အသင်းမှာ အခုထိ ပွဲချိန်ပြည့် မကစားရသေးပါဘူး။ နည်းပြအနေနဲ့လည်း ကျွန်တော့်ရဲ့ ခြေစွမ်းအပေါ် အားမရမှုတွေတော့ ရှိနေ ပါတယ်။ ဒီထက်ပိုပြီး လက်ရွေးစင်အသင်းမှာ အောင်မြင်လာဖို့ ကျွန်တော့်ကို အချိန်အနည်းငယ် ပေးစေချင်ပါတယ်။ အသင်းမှာ စီနီယာကစားသမားတွေနဲ့ တွဲကစားရပေမယ့် ဘာအခက်အခဲမှ မရှိပါဘူး။

ပရိသတ်တွေရော နည်းပြအနေနဲ့ရော ကျွန်တော့်ကို နားလည် ပေးစေချင်ပါတယ် ” ဟု အောင်သူက သူ၏ ခြေစွမ်းနှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ကစားသမား ခြောက်ဦးထိ ရွေးချယ်ခေါ်ယူခဲ့သော်လည်း ခြေစစ်ပွဲနှင့် နိုင်ငံတကာ ခြေစမ်းပွဲများ၌ ကွင်းလယ်လူ ကျော်မင်းဦး တစ်ဦးတည်းသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရနေကာ အောင်သူ၊ နန္ဒကျော်၊ မျိုးမင်းလတ်၊ မောင်မောင်လွင်၊ သန်းပိုင် စသည့် ကစားသမားများသည် အရန်ကစားသမားအဖြစ်သာ ပါဝင်နေရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly