ဘန်ကောက်ဗုံးခွဲမှုကို ကြိုးကိုင်စီမံခဲ့သူ တရုတ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ဟုဆို

ဘန်ကောက်ဗုံးခွဲမှုကို ကြိုးကိုင်စီမံခဲ့သူ တရုတ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ဟုဆို

ဘန်ကောက်၊ စက်တင်ဘာ - ၁၁ ။         ။ ပြီးခဲ့သည့်လက ထိုင်းနိုင်ငံတွင် လူအများအပြားသေဆုံးခဲ့ရသည့် ဗုံးခွဲတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည်ဟု သံသရရှိသူမှာ လွန်ခဲ့သည့် ၁၂ရက်က ဘင်္ဂလားဒေ့ရှ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး မလေးရှား၏ ဗုံးထောင်ခဲ့သည်ဟု သံသယရှိသူကို ခြေရာခံရန် ကြိုးစားမှုမှန်သမျှမှာလည်း အဟောသိကံဖြစ်သွားခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ရက်နေ့ ကပြောကြားခဲ့သည်။

သြဂုတ်လ ၁၇ရက်နေ့က ဘန်ကောက်မြို့လယ်ရှိ ဟိန္ဒူဘုရားကျောင်းအားတိုက်ခိုက်မှုကို မိမိတို့၏ လက်ချက်ဟု မည်သည့်အုပ်စုကမျှ ကြေညာခဲ့ခြင်းမရှိသေးပေ။ ဗုံးခွဲတိုက်ခိုက်မှုတွင် နိုင်ငံခြားသား ကမ္ဘာ လှည့် ၁၄ဦးအပါအဝင် လူ ၂၀သေဆုံးခဲ့ရာ၊ ၎င်းတို့အထဲတွင် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးမှ ၇ယောက်လည်း ပါဝင်နေသည်။

ထိုင်းရဲတပ်ဖွဲ့က ဗုံးခွဲမှုကို အကွက်ချစီစဉ်ခဲ့သူဟု ယုံကြည်နေသူမှာ မဖောက်ခွဲမှုတစ်ရက်တွင် ထွက်ပြေးလာကာ ဒါကာမှ ပေကျင်းသို့ သြဂုတ်လ ၃၀ရက်နေ့တွင် မထွက်ခွာမီအထိ ဘင်္ဂလားဒေ့ရှ်တွင် ရက်သတ္တနှစ်ပတ်တာ နေထိုင်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ရဲက ပြောကြားခဲ့သည်။

''သူ့နာမည်၊ ရောက်တဲ့နေ့၊ နိုင်ငံကူးလက်မှတ်နံပါတ်တွေကို လူဝင်မှုဌာနနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တော့ မှန်နေတာကို တွေ့ရတယ်။ အဲဒီလေဆိပ်ကပဲ ပေကျင်းကို ထွက်ခွာသွားခဲ့တယ်''ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် အေကေအမ် ရှာဟီဒူ ဟိုကွီက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နိုင်ငံကူးလက်မှတ်ပေါ်မှ နာမည်မှာ အဘူ ဒူစတား အဗ္ဗဒူရာမန်ဖြစ်ပြီး သံသယရှိသူ တည်းခိုခဲ့ရာဟိုတယ်ကိုလည်း ရှာဖွေနေကြောင်း ဟိုကွီက ပြောကြားသည်။

ပေကျင်းတွင်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သံသယရှိသူ ဘင်္ဂလားဒေ့ရှ်မှ တရုတ်သို့ လေယာဉ်ဖြင့် လိုက်ပါလာသည်ကို သတိမထားမိခဲ့ကြောင်းနှင့် စုံစမ်းစစ်းဆဲဖြစ်ကြောင်းနေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့က တိုက်ခိုက်မှုတွင် နိုင်ငံတကာစစ်သွေးကြွများ ပါဝင်ပတ်သက်နိုင်ခြေကို ငြင်းဆန်ထားပြီး ၎င်းတို့အနေဖြင့် ဘာကို နောက်ကွယ်က အကြောင်းတရားအဖြစ် ဘာ့ကြောင့် ယုံကြည်နေသည် ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ စုံစမ်းစစ်ဆေးမှုကို မလေးရှားအထိ ချဲ့ထွင်နေသည်ဟုသာ ပြောကြားခဲ့သည်။

လုံခြုံရေးကင်မရာက ဖမ်းမိထားသည့် ဧရာဝဏ်ဘုရားကျောင်းတွင် ဗုံးထားသွားခဲ့သော တီရှပ်အဝါနှင့်လူမှာ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ကို ဖြတ်ကျော်သွားနိုင်ဖွယ်ခြေလည်း ရှိနေသောကြောင့် ထိုင်း ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် ဆူချတ် တီရာဆာဝပ်က ပြီးခဲ့သည့် ရက်သတ္တပတ်က မလေးရှားသို့ ရောက်ရှိနေခဲ့ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူဆူဖူ မီရိုင်လီဟူသော အမည်ကိုယူထားသည့် တရုတ်နိုင်ငံကူးလက်မှတ်နှင့်အတူ ဖမ်းမိခဲ့သူတစ်ဦးက သတင်းပေးလာပြီးနောက်တွင် စုံစမ်းစစ်ဆေးမှုမှာ အရှိန်မြင့်လာခဲ့သည်။ ထိုလူက ဗုံးပါသည့်အိတ် ကိုဗုံးခွဲသမားထံသို့ ပေးအပ်ခဲ့ကြောင်းနှင့် အစ်ဇန်ဟုလည်း သိထားကြသည့် အဘူ ဒူစတား အဗ္ဗဒူရာမန်ဆိုသူက အကွက်ချစီစဉ် ညွှန်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံဖြောင့်ချက်ပေးခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့ ကိုအစ်ဇန်ဆိုသူကို ဘင်္ဂလားဒေ့ရှ်အထိ ခြေရာခံလိုက်ခဲ့သည်။

သံတမန်အသိုင်းအဝိုင်း၏ ပြောကြားချက်အရ ၂၀၁၄ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလများတွင် အဘူ ဒူစတား အဗ္ဗဒူရာမန်နှင့် ယူဆူဖူ မီရိုင်းလီနာမည်များနှင့် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူနှစ်ဦးကို ကွာလာလမ်ပူက ထိုင်းဗီဇာများ ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံကူးလက်မှတ်များ အသုံးပြုခြင်းနှင့် အနည်းဆုံးတစ်ယောက်မှာ မွေးဖွားရာဇာတိ ရှင်ကျန်ဖြစ်နေခြင်းတို့က ဗုံးခွဲတိုက်ခိုက်မှုမှာ ဝီဂါမွတ်စလင်များ၏ လက်စားခြေတိုက်ခိုက်မှု ဖြစ်နိုင်ဖွယ်ရာရှိ သည်ဟူသည့် ခန့်မှန်းချက်များကို ထွက်ပေါ်လာစေခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လထဲတွင် ထိုင်းနိုင်ငံက ဝီဂါလူမျိုး ၁၀၉ယောက်ကို ၎င်းတို့ အနှိမ်ခံနေရသည်ဟု ပြေကြရာ တရုတ်နိုင်ငံသို့ အတင်းအကျပ် လွှဲပြောင်းပေးခဲ့သည်။ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်ဒေသမှာ ဝီဂါများစွာမှာ အရှေ့တောင်အာရှကို ဖြတ်သန်း၍ တူရကီသို့ ထွက်ခွာနေကြသည်။ တရုတ်အစိုးရကမူ ဝီဂါများကို ခွဲခြားနှိပ်ကွက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly