သြဂုတ်လ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို မန်စီးတီးနည်းပြ ပယ်လီဂရီနီနှင့် ဆွမ်ဆီးတိုက်စစ်မှူး အန်ဒရီအယူးတို့ ရရှိ

သြဂုတ်လ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို မန်စီးတီးနည်းပြ ပယ်လီဂရီနီနှင့် ဆွမ်ဆီးတိုက်စစ်မှူး အန်ဒရီအယူးတို့ ရရှိ

အင်္ဂလန်၊ သြဂုတ် ၁၁ ။        ။ သြဂုတ်လအတွက် ဘာကလေပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ရရှိသွားခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ဆွမ်ဆီးတိုက်စစ် ကစားသမားသစ် အန်ဒရီအယူးက ရရှိသွားခဲ့သည်။

နည်းပြ ပယ်လီဂရီနီသည် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် လေးပွဲစလုံးအနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည့်အတွက် ဆုရရှိခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ထိုလေးပွဲတွင် သွင်းဂိုး ၁၀ ဂိုးသွင်းယူကာ ပေးဂိုးတစ်ဂိုးမှ မပေးခဲ့ရဘဲ ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

ပယ်လီဂရီနီသည် ဆွမ်ဆီးနည်းပြဂယ်ရီမွန့်ခ်၊ လက်စတာနည်းပြ ရေနီယာရီ၊ ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးတို့ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့ခြင်း ဖြစ်သည်။

'အလွန်ကောင်းပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ကျွန်တော့်ရဲ့အသင်းက ကျွန်တော်လိုချင်တဲ့အတိုင်း ကစားနိုင်တယ် ဆိုတာပါပဲ။ ကျွန်တော့်အထင်ပြောရရင် ပြီးခဲ့တဲ့ ရာသီအဆုံးမှာ အကောင်းဆုံး ပုံစံကို ရရှိခဲ့လို့ ဒီနှစ်ရာသီအစမှာ အခုလိုစွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒီကစားပုံကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးပါတယ်။ နိုင်ပွဲလေးပွဲရရှိအောင် ပုံဖော်ကစားနိုင်ခဲ့တဲ့ လက်ရှိအသင်းရဲ့ ပုံစံကို ကျွန်တော်နှစ်သက်ပါတယ်' ဟု ပယ်လီဂရီနီက ပြောသည်။

ဆွမ်ဆီးတိုက်စစ်ကစားသမားသစ် အန်ဒရီအယူးသည် ကစားပြီးခဲ့သည့် ပွဲစဉ်လေးပွဲတွင် သုံးဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးကာအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်သည့်အတွက် အကောင်းဆုံး ကစားသမားဆုကို ရရှိခြင်း ဖြစ်သည်။

အန်ဒရီအယူးသည် ဆွမ်ဆီးအသင်းက မန်ယူကို အနိုင်ရခဲ့သည့်နောက်ဆုံးပွဲစဉ်တွင် ချေပဂိုးသွင်းယူပေးခဲ့သည့်အပြင် ဂိုမစ်သွင်းယူမည့်ဂိုးကို ဖန်တီးပေးခဲ့ကာ တစ်ပွဲလုံးခြေစွမ်းပြသနိုင်သည့်အတွက် ပရိသတ်များ၏အားပေးမှုကို ရရှိခဲ့သူလည်း ဖြစ်သည်။

'တကယ်ကိုကျေနပ်စရာကောင်းတဲ့ ခံစားမှုပါပဲ။ ဒါပေမဲ့ ဒီလိုဆုရတာက ပြင်းပြင်းထန်ထန်ကြိုးစားမှုနဲ့ တစ်သင်းလုံးရဲ့ ကူညီထောက်ပံ့မှုတွေကြောင့်ပါ။ ဆွမ်ဆီးအသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးနဲ့ ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် ကစားသမားတွေရှိနေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ စည်းလုံးညီညွတ်မှု နဲ့ကောင်းမွန်တဲ့ အသင်းစိတ်ဓာတ်ကို ပြသနိုင်ခဲ့တာပါပဲ' ဟု အန်ဒရီအယူးက ပြောသည်။

Ref: Premier

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly