အိုင်အက်စ်တို့ အီရတ်နှင့့် ဆီးရီးယားတွင် ဓာတုလက်နက်များ ထုတ်လုပ်နေဟု အမေရိကန်အရာရှိ ပြော

အိုင်အက်စ်တို့ အီရတ်နှင့့် ဆီးရီးယားတွင် ဓာတုလက်နက်များ ထုတ်လုပ်နေဟု အမေရိကန်အရာရှိ ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၁၁ ။          ။ အိုင်အက်စ်စစ်သွေးကြွများအနေဖြင့် အီရတ်နှင့် ဆီးရီးယားရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် ဓာတု လက်နက်များ ထုတ်လုပ်နေကြောင်း အမေရိကန် အစိုးရအဖွဲ့က ယုံကြည်လျှက်ရှိသည်။

အစ္စလာမ္မစ်စစ်သွေးကြွတို့က အဆိုပါနှစ်နိုင်ငံနယ်စပ် နှစ်ဖက်စလုံးတွင် အရေပြားကို လောင်ကျွမ်းစေသည့် ဓာတုပစ္စည်းအမှုန့်များနှင့် တိုက်ခိုက်ခဲ့သည့် အထောက်အထားများကို တွေ့ရှိထားသည်ဟု အမေရိကန်အရာရှိတစ်ဦး က ပြောကြားသည်။

အိုင်အက်စ်တို့တွင် အဆိုပါ ဓာတုလက်နက်များကို  ထုတ်လုပ်သည့် စခန်းတစ်ခုရှိနေကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားသည်။

ယင်းဓာတုလက်နက်အမှုန့်များကို ဆုံလည်မော်တာကဲ့သို့ သမားရိုးကျ လက်နက်များတွင် ထည့်သွင်းပြီး တိုက်ခိုက်ခဲ့ဖွယ်ရှိကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိက ပြောကြားသည်။

“အိုင်အက်စ်တေါက အီရတ်နဲ့ ဆီးရီးယားနယ်စပ်က နေရာလေးခုထက်မနည်းမှာ ဓာတုလက်နက်တွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်” ဟု ပြောကြားသည်။

အိုင်အက်စ်တို့ ဓာတုလက်နက်များ ရရှိရာတွင် ဖြစ်နိုင်ခြေသုံးခုကို ထောက်လှမ်းရေးအသိုင်းအဝိုင်းက တွေ့ရှိထားသည်။

ဖြစ်နိုင်ခြေအရှိဆုံးသည် အဆိုပါဓာတုလက်နက်များကို အိုင်အက်စ်တို့ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြစ်နိုင်ကြောင်း ထောက်လှမ်းရေးအဖွဲ့များက ပြောကြားသည်။

အခြားဖြစ်နိုင်ခြေများမှာ အိုင်အက်စ်စစ်သွေးကြွများက အီရတ်နှင့် ဆီးရီးယားရှိ လျှိူ့ဝှက်သိမ်းဆည်း ထားသော နေရာများမှ ဓာတုလက်နက်များကို တွေ့ရှိသွားခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းတို့ကပြောကြား သည်။ အမေရိကန်တပ်ဖွဲ့များက ဆယ်စုနှစ်တစ်ခုနီးပါးကြာ အီရတ်နိုင်ငံအတွင်း ဝင်ရောက်ခဲ့စဉ်က ဓာတုလက်နက်များကို ရှာဖွေတွေ့ရှိနိုင်ခဲ့သောကြောင့် အီရတ်နိုင်ငံတွင် အဆိုပါ လက်နက်များ ကိုတွေ့ရှိနိုင်ခြေနည်းကြောင်း သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အမေရိကန်တို့က လေကြောင်းမှ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ဆီးရီးယားအစိုးရအနေဖြင့် ဓာတုလက်နက် အမြောက်အများကို လွှဲပြောင်းပေးခဲ့သဖြင့် အဆိုပါနိုင်ငံမှလည်း အိုင်အက်စ်တို့က ရရှိသွားဖွယ်မရှိကြောင်း အမေရိကန်အရာရှိက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly