“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သမ္မတရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု”

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သမ္မတရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု”

ပြီးခဲ့တဲ့ရက်ပိုင်း ပြည်သူတွေအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ သတင်းတစ်ပုဒ် ကတော့ တရားခံပြေးတစ်ယောက်ကို ဝင်ရောက်ဖမ်းဆီးတဲ့ ရဲဝန်ထမ်းနှစ်ယောက် တိုက်ခိုက် သတ်ဖြတ်ခံလိုက်ရတဲ့ ကိစ္စပါ။ ကနဦး သတင်းတွေအရ အဲဒီ တရားခံပြေးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ တစ်ယောက်ဖြစ်တယ်လို့ ဖော်ပြကြ ပြီး ပြည်သူတွေကလည်း သမ္မတဦးသိန်းစိန် ကို ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ နောက်ပိုင်း သတင်းတချို့မှာတော့ အဲဒီ တရားခံပြေးဟာ အရင်စစ်အစိုးရခေတ်က လွတ်ငြိမ်း ခွင့် ရခဲ့ဖူးတာ၊ အခု အစိုးရလက်ထက် မဟုတ်ဘူးလို့ ငြင်းသူငြင်း လိမ်ညာသူက လိမ်ညာ၊ ထိန်ချန်တဲ့ မီဒီယာတွေကလည်း ထိန်ချန်ကြပါတယ်။ အခုတော့ သတင်းမှန် ထွက်ပေါ်လာ ပါပြီ။ အဲဒီ တရားခံပြေးဟာ အရင် စစ်အစိုးရခေတ်ကရော အခု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာပါ လွတ်ငြိမ်းခွင့် (၂) ခါရခဲ့တဲ့ အကျဉ်းသားဟောင်း တစ်ယောက်ပါ။ ဦးသိန်းစိန် ဟာ သမ္မတ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး လွတ်ငြိမ်းခွင့်ပေးနေတဲ့ ကိစ္စ ဒီကနေ့ ဆွေးနွေး တင်ပြ သွားပါ့မယ်။

အဲဒီ ရဲနှစ်ယောက်ကို ခုခံသတ်ဖြတ် ထွက်ပြေးသွားသူ၊ နောက်ပိုင်း ပြန်လည် ဖမ်းဆီး ရမိသူဟာ အသက် ၄၇ နှစ်အရွယ် တရားခံပြေး တင်မြင့်ဆိုသူဖြစ်ပြီး အရင်က ပြစ်မှုပေါင်းများ စွာ ကျူးလွန်ခဲ့သူပါ။ ပဲခူးတိုင်း ဝေါမြို့နယ် မြစ်ကျိုးရွာ ဇာတိဖြစ်ပြီး ဆယ်ကျော်သက်အရွယ် ကတည်းက ရန်ကုန်ဘူတာကြီးမှာ ခိုးဆိုးလုယက်အဖွဲ့တွေနဲ့ ပေါင်းပြီး ဒုစရိုက်မှုတွေ ကျူးလွန် ခဲ့သူဖြစ်တယ်လို့ The Voice နေ့စဉ် သတင်းစာက ဖော်ပြပါတယ်။ ၁၉၉၀ တုန်းက မင်္ဂလာ တောင်ညွန့်မှာ လူတစ်ယောက်ကို ဓားနဲ့ထိုး လုယက်မှု ကျူးလွန်ခဲ့ပြီးနောက် သူ့ဇာတိ မြစ်ကျိုး ဘက် တိမ်းရှောင်စဉ် လိုက်ဖမ်းတဲ့ ရဲအရာရှိ တစ်ယောက်ကို ဓားနဲ့ ထိုးသတ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း သူ့ကို ပဲခူးစစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ဒဏ် ချခံထားရစဉ်မှာ မင်္ဂလာတောင်ညွန့်က ဓားထိုးလုယက်မှုကို စစ်ဆေးဖို့ ရုံးထုတ်ပါတယ်။ အဲဒီမှာလည်း သံခြေကျင်းကို ဖြုတ်ပြီး အစောင့်ရဲကို ရိုက်နှက်ထွက်ပြေးခဲ့လို့ ပြန်လည် ဖမ်းဆီးခဲ့ရ ပါသေးတယ်။ ဒီလိုနည်းနဲ့ အင်းစိန်၊ မြင်းခြံ၊ အိုးဘို ထောင်တွေမှာ ထောင်ဒဏ်ကျခံနေရာကနေ ၂၀၀၈ ခုနှစ် စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါ လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန် သူထောင်ထဲမှာ ၁၈ နှစ်ဝန်းကျင် နေခဲ့ရတာပါ။ ထောင်ကထွက်ပြီးနောက် မယားပါသမီးကို မုဒိန်းကျင့်ဖို့ ကြံစည်မှုနဲ့ ရဲက ဖမ်းဖို့လုပ်တော့ ထွက်ပြေးပြန်ပါတယ်။

နောက်ပိုင်း လက်နက်ကိုင်ဆောင်မှုနဲ့ တောင်ဒဂုံမှာ ဖမ်းဆီးရမိပြီး ၂၀၁၁ ခုနှစ်မှာ သူ့ကို ထောင်ဒဏ် အနှစ် ၂၀ ကျော် ချလိုက်ပါတယ်။ အဲလို ထောင်ဒဏ်ချခံ ထားရတုန်း မြင်းခြံရဲဘက်စခန်းမှာ ထိန်းသိမ်းထားစဉ် သံခြေကျင်း ဖျက်ဆီးပြီး ထွက်ပြေးဖို့ ကြံစည်တာကြောင့် နောက်ထပ် ထောင် ၄ လ ကျခံခဲ့ရ ပြန်ပါတယ်။

ထူးဆန်းတာ တစ်ခုကတော့ သူ့ထောင်သက် ၃ နှစ်ဝန်းကျင် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှာ သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်တာပါပဲ။ သမ္မတ ဦးသိန်းစိန် လက်ထက် ထောင် ဒဏ် အနှစ် ၂၀ ကျော် ကျခံထားရသူ၊ ရှေ့ပိုင်းမှာလည်း ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်ခဲ့ဖူးသူ၊ ထောင်ထဲမှာလည်း ထောင်ပြေးဖို့လုပ်ရင်း ပြစ်မှုကျူးလွန်ဖူးသူ တစ်ယောက်ကို ထောင်ဒဏ် ၃ နှစ်ဝန်းကျင်လောက်နဲ့ လွတ်ငြိမ်းခွင့်ပေးပြီး လွှတ်ပစ်တာ အံ့သြစရာပါပဲ။ ထောင်ကျနေတုန်း လွတ်ငြိမ်းခွင့် အကြိမ်ကြိမ် ကြုံဖူးနေပြီဖြစ်တဲ့ တင်မြင့်ဟာ ၂၀၁၄ မေ သံလျင်မှာ လူတစ် ယောက်ကို ဓားထိုးမှု ထပ်ကျူးလွန် ပြန်ပါတယ်။ နောက်ပိုင်း အားလုံးသိကြပြီဖြစ်တဲ့ သူ့ကို ဖမ်းဖို့ ကြိုးစားတဲ့ ရဲနှစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်တဲ့အထိ လက်ရဲဇက်ရဲ ဖြစ်လာတာပါ။

တကယ်တော့ ပြစ်မှုကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတွေမှာ လုပ်လေ့လုပ်ထ ရှိတာက တရားရုံးတွေက ထောင်ဒဏ် အပြစ်ပေးတာ၊ ထောင်ကျသွားသူတွေ နောင်ပြစ်မှု ထပ်ပြီး မကျူးလွန်အောင် ပညာပေးတာ၊ ပြစ်မှုဖြစ်ရခြင်း အကြောင်းတွေကို လေ့လာဆန်းစစ် သုတေသနလုပ်ပြီး နောင်မဖြစ်အောင် တားဆီးကာကွယ်တာ စတဲ့ အပိုင်းတွေ တွေ့ရမယ် ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျူးလွန်သူတွေနဲ့ ပတ်သက်ရင် တရားရုံးတွေက စီရင်တဲ့အခါ မှန်မှန် ကန်ကန်ဖြစ်ဖို့၊ ထောင်ဒဏ် ချမှတ်တော့မယ်ဆိုရင်လည်း သင့်တော်တဲ့ ထောင်ဒဏ် ဖြစ်စေဖို့ လိုပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်မှာ တရားသူကြီးတွေကို အတော်လေး ကျယ်ပြန့် တဲ့ လုပ်ပိုင်ခွင့်ပေးထားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း ပြစ်မှုအမျိုးအစားချင်း တူပါရဲ့၊ တရားသူကြီးတွေရဲ့ သုံးသပ်ပုံ မတူတာကြောင့် ပြစ်ဒဏ်ချမှတ်မှု အလွန်ကွာခြားနေတာကို လည်း တွေ့မြင်ကြရပါတယ်။ ဒီအတွက် နိုင်ငံမှာ လိုအပ်နေတာက တရားသူကြီးတွေရဲ့ အရည် အသွေး မြှင့်ပေးရေးဆိုင်ရာ လုပ်ငန်းတွေပါ။ အရည်အချင်းရှိတဲ့ တရားစီရင်ရေး စနစ် ပေါ်ထွက် လာစေဖို့ပါ။

နောက်ထပ် အရေးကြီးတာက အကျဉ်းထောင်ထဲ ရောက်သွားသူတွေကို နောက်နောင် ပြစ်မှုကျူးလွန်သူတွေ ဖြစ်မလာအောင် ပြုပြင်ရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေ ကတော့ အကြောက် တရားကလွဲပြီး အခြားဘာမှ မယ်မယ်ရရလုပ်ပေးနိုင်တယ်လို့ အထောက်အထား မရှိပါဘူး။ ဒါ့အပြင် ပြစ်ဒဏ်ကျခံပြီးသူ ဘယ်နှစ်ယောက် နောက်ထပ် ရာဇ ဝတ်မှု ကျူးလွန်သလဲ၊ ရာခိုင်နှုန်း ဘယ်လောက် ရှိသလဲ စတဲ့ ဆန်းစစ်မှုမျိုး မရှိတဲ့အတွက် ဘာကိုမှ မမှန်းဆနိုင်ပါဘူး။ ပြစ်မှုတစ်ခုဖြစ်ရင် ဘာကြောင့် ဖြစ်ရတာလဲ၊ လူ့အဖွဲ့အစည်းမှာ ဘာလိုအပ်နေလဲ စသဖြင့် ဆန်းစစ်ဖို့ ပြုပြင်ဖို့ ဆိုတာမျိုးကတော့ အတော်လေးကို ဝေးနေ သေးတဲ့ အနေအထားပါ။ လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားမှာ မုဒိန်းမှုတွေ များနေပါတယ်။ ဒါကို မိန်းကလေးတွေ ဝတ်စားဆင်ယင်ပုံ မတတ်လို့ ဖြစ်ရတာမျိုးဆိုတဲ့ အလွယ် သုံးသပ် မှုမျိုး လောက်ပဲရှိပြီး တကယ့် ပြဿနာကို စူးစမ်းတာ၊ အဖြေရှာတာ၊ ပြုပြင်ဖို့ ကြိုးစားတာ မရှိလေ တော့ မှုခင်းတွေ ကျဆင်းမသွားတာကလည်း မထူးဆန်းပါဘူး။

ဒါကြောင့်ပဲ တရားရုံးတွေက မနိုင်ရင်ကာ များပြားလှတဲ့ ပြစ်ဒဏ်တွေ ချမှတ်၊ သမ္မတ ဦးသိန်းစိန်က သမ္မတလုပ်ပိုင်ခွင့်ကို အကြိမ်ကြိမ် အသုံးပြုပြီး ရာဇဝတ်သား ရာပေါင်းထောင် ပေါင်းများစွာကို လွတ်ငြိမ်းခွင့်ပေး၊ စာရိတ္တပိုင်းဆိုင်ရာ ပြုပြင်ပေးထားတာ ဘာမှမရှိတော့ လွတ်မြောက်ပြီးနောက် ရာဇဝတ်မှုတွေ ဆက်ကျူးလွန်၊ လူ့အဖွဲ့အစည်းကို ဆက်ဒုက္ခပေး ဆိုတဲ့ အနေအထားမျိုး ရောက်လာတာပါ။

တကယ့်တကယ် သမ္မတ ဦးသိန်းစိန် လုပ်ရမှာက ဘယ်နှစ်နှစ်နေ၊ ဘယ်လောက်လျော့မယ် ဆိုတာမျိုး သတ်မှတ်ပေးရုံ သက်သက်မဟုတ်ဘဲ သက်ဆိုင်ရာ အကျဉ်းထောင် တာဝန်ရှိသူတွေကနေ ဘယ်အကျဉ်းသားဟာဖြင့် လွတ်ငြိမ်းခွင့် ပေးဖို့ ထိုက်တယ်၊ သူ့ကို လွတ်ငြိမ်းခွင့်ပေးရင် လူ့အဖွဲ့အစည်း ထိခိုက်နိုင်စရာ မရှိဘူးဆိုတဲ့ သေချာတဲ့ မှတ်ချက်မျိုးနဲ့သာ လွတ်ငြိမ်းခွင့် ပေးသင့်ပါတယ်။ အဲဒီ မှတ်ချက်အတွက် သက်ဆိုင်ရာ ထောင်မှူးကြီးတွေက တာဝန်ယူရမှာ ဖြစ်သလို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ သမ္မတကြီးကလည်း သူ့လွတ်ငြိမ်းခွင့်ကြောင့် ရာဇဝတ်သားတွေ သောင်းကျန်းနေတဲ့ လူ့အဖွဲ့ အစည်းမျိုး ဖြစ်မသွားရလေအောင် တာဝန်ယူရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags