တရားစီရင်ရေးကို စစ်တပ်က ၀င်လာသည့်ကိစ္စ နေပြည်တော် ပျဉ်းမနားရှေ့နေများ ကန့်ကွက်မှုစတင်

တရားစီရင်ရေးကို စစ်တပ်က ၀င်လာသည့်ကိစ္စ နေပြည်တော် ပျဉ်းမနားရှေ့နေများ ကန့်ကွက်မှုစတင်

နေပြည်တော်၊ စက်တင်ဘာ ၁၀။ ။ ရှေ့နေချုပ်ရုံးတွင် တပ်မတော်မှ အငြိမ်းစားယူထားသူ ၂၀ခန့်ကို ဒုတိယညွန်ကြားရေးမှူးချုပ်ရာထူးမှ စတင်ခန့်အပ်လိုက်သည့်အပေါ် နေပြည်တော်၊ ပျဉ်းမနားမြို့ ရှေ့နေများအသင်းက တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေများက အဝါရောင်ဖဲပြားလှုပ်ရှားမှုကို(Yellow Ribbon comapign) စက်တင်ဘာ ၉ရက်ကစတင် ပြုလုပ်ခဲ့သည်။

တပ်မတော်သားများကို အစိုးရဝန်ကြီးဌာနများတွင် အလုပ်ခန့်ထားမှုသည် ၂၀၁၅ခုနှစ်အလွန် မြန်မာနိုင်ငံ၏ ကဏ္ဍကြီးသုံးရပ်လုံးတွင် စစ်တပ်ကအုပ်စီးဖို့အတွက်လောဟု သံသယဖြစ်ရသည်ဟု လှုပ်ရှားမှုကို ဦးဆောင်သည့်နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှေ့နေအသင်း ဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္ဈိမကိုပြောသည်။

“ကျန်းမာရေးမှာလည်း အဲ့လိုပဲ။ အရင်တုန်းက ဝင်တဲ့လူတွေအများကြီးပဲ။ ဒါပေမယ့် အခုကျတော့ တမင် ရည်ရွယ်ချက်ချက်ရှိရှိ လုပ်နေပီထင်တယ်။ ၂၀၁၅ရဲ့ ဟိုဘက်ပိုင်းမှာ ဝန်ကြီးဌာနတွေ အကုန်လုံး နောက်တစ်ခါ တရားစီရင်ရေးကဏ္ဍ ကဏ္ဍကြီးသုံးရပ်လုံးကို သူတို့အုပ်စီးဖို့အတွက် တပ်ကနေပြီးတော့ အုပ်စီးဖို့အတွက်လားဟု ကျွန်တော်တို့က သံသယတွေဖြစ်လာတယ်”ဟု ပြောသည်။

၂၀၁၅ခုနှစ်တွင် အပြောင်းအလဲရှိနိုင်ပြီး ဒီမိုကရေစီအင်အားစုများကလည်း လွှတ်တော်ထဲတွင် အများအပြား ဝင်လာနိုင်၍ ယင်းဒီမိုကရေစီအင်အားစုတွေသည် အစိုးရဖွဲ့ကောင်းဖွဲ့နိုင်လျင် တက်လာသည့် ဒီမိုကရေစီ အစိုးရကို ဘေးကနေချုပ်ပြီး ကားကန်ထားဖို့ ရည်ရွယ်လို့လည်မြင်ကြောင်း ILAM(Independent Law Year Association of Myanmar) အဖွဲ့မှ အဖွဲ့ဝင် ဖြစ်သူတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

“အခုလည်းပဲ ကျန်းမာရေးဌာနကို ဝင်လာတယ်။ နောက်တစ်ခါ တရားစီရင်ရေးဌာနမှာ ဝင်လာတယ်။ အဲ့တော့ ဒါ အစီအစဉ်ရှိရှိနဲ့ လုပ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့်နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရှိင်တရားရုံးတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်က ပျဉ်းမနားမြို့ ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေ အချို့သည် အဝါရောင်ဖဲပြားလှုပ်ရှားမှု (Yellow Ribbon campaign)လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

စစ်တပ်မှတရားစီရင်ရေးဌာနဘက်သို့ ပြောင်းရွှေ့ခန့်ထားမှုတွင်တရားရေးဘက်မှ တရားသူကြီးများနှင့် တာဝန်ရှိသူများက မကျေနပ်ခြင်းကြောင့် ညှုနိုင်တိုင်ပင်၍ Yellow Ribbon လှုပ်ရှားမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ရှေ့နေတွကျတော့ ဒီတရားစီရင်ရေး အဝန်းအဝိုင်းထဲမှာပါတာပဲ။ အဲ့ဒီတရားစီရင်ရေး အဝန်းအဝိုင်းထဲမှာပါပြီးတော့ တရားစီရင်ရေးကို စစ်တပ်ကနေပြီးတော့ လွှမ်းမိုးဖို့၊ အုပ်စိုးဖို့ ကြိုးစားတဲ့ကိစ္စဟာ ကျွန်တော်တို့ ရှေ့နေတွေလည်း ထိခိုက်တယ်။ တရားစီရင်ပါတ်သက်တဲ့ သူတွေလည်း အကုန်ထိခိုက်တယ်ဗျာ” ဟု ပြောသည်။

အဆိုပါ Yellow Ribbon လှုပ်ရှားမှုတွင်တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများက ၎င်းတို့ ကိုယ်တိုင်လှုပ်ရှားမှုတွင် မပါဝင်ခဲ့ကြောင့်နှင့် လှုပ်ရှားမှုတွင် ရှေ့နေများက အနက်င်္ကျီပေါ်တွင် အဝါရောင်ဖဲပြားတပ်၍ ဆန့်ကျင်ကြောင်း ကန့်ကွက်ခဲ့ကြောင်း သိရသည်။

လှုပ်ရှားမှုတွင်ပါဝင်သူများသည် Militarization of judiciary ဆိုတာ တရားရုံး တရားစီရင်ရေးတို့နဲ့ ပတ်သက်သူအားလုံးကို စစ်သြဇာ အောက်သွင်းမည့် ခြေလှမ်း ဖြစ်ခြင်းကြောင့် လက်မခံသင့်ကြောင်း။ ILAM(Independent Law Year Association of Myanmar)ပါဝင်ဒေသအသီးသီးက ရှေ့နေအသင်းများကလည်း ညီညွတ်စွာ လှုပ်ရှားသင့်ကြောင်း ကြေညာခဲ့ကြခဲ့သည်။ အဆိုပါလှုပ်ရှားမှုကို စက်တင်ဘာလ ၁၀ ရက်မှာ နေပြည်တော်ကောင်စီနယ်မြေက မြို့နယ် ၈ မြို့နယ်က တရားရုံးတွေမှာ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ဦးခင်မောင်ဇော်က ပြောသည်။

 ပြင်ဆင်ချက် - ဤသတင်း၏ ပထမဆုံးအပိုဒ်တွင် ပါရှိသည့် ရှေ့နေချုပ်ရုံးတွင် အစား တရားစီရင်ရေးတွင်ဟု ပြင်ဆင်ဖတ်ရှုပါရန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly