ဘန်ကောက်ဗုံးခွဲမှုတွင် ဖမ်းဆီးခံထားသူက ကျောပိုးအိတ်ဗုံးကို ဗုံးခွဲသူထံသို့ ပေးခဲ့ဟု ထိုင်းရဲပြော

ဘန်ကောက်ဗုံးခွဲမှုတွင် ဖမ်းဆီးခံထားသူက ကျောပိုးအိတ်ဗုံးကို ဗုံးခွဲသူထံသို့ ပေးခဲ့ဟု ထိုင်းရဲပြော

ဘန်ကောက်၊ စက်တင်ဘာ - ၉ ။            ။ ထိုင်းရဲတပ်ဖွဲ့၏ စက်တင်ဘာ ၉ရက်နေ့က ပြောကြားချက်အရ လွန်ခဲ့သောလက လူအများအပြားသေဆုံးခဲ့ရသည့် ဘန်ကောက်ဗုံးခွဲမှုတွင် အဓိက တရားခံက ကျောပိုးအိတ်ဗုံးကို နောက်ပိုင်းတွင် လူစည်ကားသည့် ဟိန္ဒူဘုရားကျောင်းတွင် ထားသွားသည်ကို တွေ့ရသည့် တီရှပ်အဝါနှင့်လူထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

ဘန်ကောက်မြို့လယ်ခေါင်တွင် လူ၂၀သေဆုံးခဲ့ရသည့် သြဂုတ် ၁၇ရက် ဗုံးခွဲမှုနောက်ကွယ်မှ သံသယရှိဖွယ် ဂိုဏ်းအဖွဲ့၏ အသိရခက်သည့် ရည်ရွယ်ချက်က ထိုင်းနိုင်ငံ၏ အဓိကကျသော ခရီးသွား လုပ်ငန်းကို ကိုင်လှုပ်နေဆဲပင်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ထိုကဲ့သို့သောတိုက်ခိုက်မှုမျိုးကို ယခင်က မကြုံဖူးခဲ့သောကြောင့် တုန့်ပြန်ရန် အဆင်သင့်မဖြစ်ဘဲ ကြောင်အနေခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့က နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးမှုကို ကျယ်ကျယ်လောင်လောင် ကြေညာလာခဲ့ပြီး အခြားသံသယရှိသူများကိုလည်း ဖော်ထုတ်တွေ့ရှိထားသည်ဟုလည်း ပြောလာခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းထားသူနှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်သည့် ယူဆူဖူ မီရိုင်လီဆိုသူကို ပြီးခဲ့သည့် ရက်သတ္တပတ်က ကမ္ဘောဒီးယားနယ်စပ်အနီးတွင် ဖမ်းဆီးခဲ့ပြီး ထိုစဉ်ကတည်းက စစ်တပ်နှင့် ရဲ စုံစမ်းစစ်ဆေးရေးမှူးများက စစ်ကြောမေးမြန်းလာခဲ့ကြသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဖမ်းဆီးစဉ် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခဲ့သည့် မီရိုင်လီ (၂၅နှစ်)က စစ်ဆင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့သည်ဟု ဆိုသည်။   

''ဒီနေရာက မီရိုင်လီက တီရှပ်အဝါနဲ့လူကို တွေ့ပြီး ကျောပိုးအိတ်လဲခဲ့တဲ့ နေရာပေါ့''ဟု နိုင်ငံတော်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ် သာဘွန်ဆီရီက ဘန်ကောက်မီးရထားရုံအပြင်ဘက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြန်လည်သရုပ်ပြစဉ်အတွင်း လက်ထိပ်နှင့် ကျည်ကာအင်္ကျ ီဝတ်ဆင်ထားသည့် မီရိုင်လီက ဘူတာရုံအပြင်ဘက်တွင် လေးလံသည့်ကျောပိုးအိတ်တစ်လုံးကို ဗုံးခွဲသူထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု ပရာဝတ်က အခိုင်အမာပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးကင်မရာတွင် မြင်တွေ့လိုက်ရသည့် တီရှပ်အဝါနှင့်လူက ကျောပိုးအိတ်ကို ဟိန္ဒူဘုရားကျောင်းတွင် ချထားခဲ့ကာ မပေါက်ကွဲမီတဒင်္ဂအချိန်ကလေးတွင် အေးအေးလူလူ လမ်းလျှောက် ထွက်ခွာသွားခဲ့ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

ပရာဝတ်၏ ပြောကြားချက်အရ ကျောပိုးအိတ်ချင်း လဲလှယ်ပြီးနောက် မီရိုင်လီအား ဗုံးကွဲပြီးနောက် မြင်ကွင်းကို ဓာတ်ပုံရိုက်ယူရန်အတွက် ဟိန္ဒူဘုရားကျောင်းသို့သွားရန် အမိန့်ပေးထားသည်ဟု ဆိုသည်။

သို့ရာတွင် သူ ဗုံးပေါက်ကွဲရာနေရာသို့ ရောက်ရှိသွားသည့်အခါတွင် သူ့မြင်ကွင်းကို တိုင်ကြီးများ ကွယ်နေသောကြောင့် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ပရာဝတ်က ထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံကူးလက်မှတ်တွင် မွေးဖွားရာဇာတိမှာ တရုတ်နိုင်ငံ၏ မွတ်စလင်ဝီဂါ လူနည်းစုနေထိုင်ရာ မငြိမ်မသက်ဖြစ်နေသည့် ရှင်းကျန်းဟု ဖော်ပြထားသော်လည်း ထိုင်းရဲတပ်ဖွဲ့က မီရိုင်လီမှာ မည်သည့်နိုင်ငံ သားဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly