အပစ်ရပ်လက်မှတ်ကို စက်တင်ဘာ ၂၉ တွင်ထိုးဖို့ သမ္မတကမ်းလှမ်း

အပစ်ရပ်လက်မှတ်ကို စက်တင်ဘာ ၂၉ တွင်ထိုးဖို့ သမ္မတကမ်းလှမ်း

နေပြည်တော်၊ စက်တင်ဘာ ၉ ။          ။ သမ္မတဦးသိန်းစိန် နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် ၉ဦးသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ရန် စက်တင်ဘာ ၉ရက် နံနက် ၉နာရီက စတင်ပြီး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ တွင် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

သမ္မတဦးသိန်းစိန်ကမူ အပစ်ရပ်စာချုပ်ကို စက်တင်ဘာမကုန်ခင် လက်မှတ်ထိုးနိုင်ဖို့ ယနေ့ဆွေးနွေးပွဲမှ ညှိနှိုင်းနိုင်မည်ဟု မျှော်လင့်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ၂၀၁၅ စက်တင်ဘာလ ၂၉ တွင် ရေးထိုးရန် သမ္မတဦးသိန်းစိန်က ကမ်းလှမ်းလိုက်သည်။ တိုင်းရင်းသားဘက်က သဘောထားကိုမူ မသိရသေးပေ။

သမ္မတ၏ ဖိတ်ခေါ်မှုကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်က "အခုဆိုရင် လက်မှတ်ထိုးဖို့က ၃၃ချက်မှာ ၃၂ချက်က အတည်ပြုပြီးပါပြီ။ နည်းနည်းလေးပဲ ကျန်ပါတယ်။

အဲ့ နည်းနည်းလေးကျန်တာကို ကျွန်တော်တို့ အမိအရ၊ အပေးအယူရှိရှိနဲ့ သဘောတူညီမှု ရတယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးဟာ ခုန သမ္မတကြီးပြောသလို စက်တင်ဘာလလည်း ဖြစ်နိုင် တယ်။ အောက်တိုဘာလဆန်းလည်း ဖြစ်ပါတယ်။ ပြီးတော့ NCA လက်မှတ်ထိုးပြီးရင် ဘာတွေဆက်လုပ်မလဲဆိုတာ ကျွန်တော်တို့ မျက်စိထဲမှာ မြင်နေပါတယ်။ ဒါတွေဟာ ကျွန်တော်တို့အတွက် ကောင်းတဲ့အလားအလာတွေ ဖြစ်ပါတယ်"ဟု ပြန်လည်ပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှုသည် တိုင်းရင်းသားများဘက်က အားလုံးပါဝင်ရေးမူကို အဓိက ညှိနှိုင်းတောင်းဆိုရန် ရည်ရွယ်ထားပြီး တက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များက အဖွင့်မိန့်ခွန်းတွင်လည်း ထည့်သွင်းတောင်းဆိုကြသည်။

"အားလုံးသိကြတဲ့အတိုင်း NCAဟာ လက်မှတ်ထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သို့သော်လည်းပဲ NCAရဲ့ ရည်မှန်းချက်၊ အောင်မြင်မှုဟာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်လက်မှတ်ထိုးဖို့ အတိုင်းအတာကို မူတည်နေတဲ့အတွက် သက်ဆိုင်သူများအားလုံး ပါဝင်လက်မှတ်ထိုးဖို့ လိုပါတယ်။ ဒီတော့မှာ ပဋိပက္ခမရှိဘဲ မြန်မာနိုင်ငံသားများအတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးနိုင် မှာဖြစ်ပါတယ်"ဟု ကေအိုင်အို၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

ကေအင်န်ယူ၏ ဥက္ကဋ္ဌ မူတူးဆေးဖိုးကလည်း "NCA မှာ အားလုံးပါဝင် လက်မှတ်ရေးဖိုးဖို့အတွက် NCA ရှေ့ဆက်ပါဝင်ရန် အဖုအထစ်ဖြစ်နေတဲ့ ညီနောင်များအားလုံး လက်ခံနိုင်ပြီး လက်တွေ့ အခြေအနေကို ကိုက်ညီတဲ့ မူဝါဒ အလျော့အတင်း ပြုလုပ်ဖို့ကိုလည်း သမ္မတကြီးကို တောင်းဆိုချင်ပါတယ်"ဟု တောင်းဆိုလိုက်သည်။

သမ္မတဦးသိန်းစိန်ကမူ တိုင်းရင်းသားများအနေဖြင့် စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

"ဆက်လက်ပြီး စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိပြီးတော့ ပြည်ထောင်စုကြီးအကျိုးအတွက်ကို ကြည့်ပြီးတော့ NCAကို လက်မှတ်ရေးထိုးနိုင်ဖို့ ကျွန်တော့အနေနဲ့ ခေါင်းဆောင်များကို ထပ်မံဖိတ်ခေါ်ပါတယ်။"ဟု ဆိုသည်။

လက်ရှိတွင် အစိုးရနှင့် အပစ်ရပ်လက်မှတ် ရေးထိုးထားခြင်းမရှိသည့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင်တပ်မတော်(AA)၊ ကိုးကန့်တပ်မတော်၊ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီတို့ကို အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးရန် အစိုးရက လက်ခံထားခြင်း မရှိသေးသည့်အတွက် ထိုအဖွဲ့များ အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေးအတွက် ညှိနှိုင်းနေကြခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ SD ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက “ဒီကနေ့အထိ ကျနော်တို့တိုင်းရင်းသားအားလုံးဟာ အဓိကအနေနဲ့ NCCT အဖွဲ့ရော၊ နောက် SD အဖွဲ့ဝင်တွေဖြစ်တဲ့ ၁၇ ဖွဲ့က တသံတည်းပဲ ရှိပါတယ်။ နောက် ဒီဆွေးနွေးပွဲမှာ အကုန်လုံးပါဝင်လာနိုင်အောင် ကျနော်တို့သွားဖို့ ဆိုတဲ့ဟာ ဒီကနေ့ ဒီရက်အထိတိုင်ပါပဲ။”ဟု စက်တင်ဘာ ၈ရက်က မီဒီယာအချို့ကို ပြောကြားခဲ့သည်။

စက်တင်ဘာ ၉ရက်တွေ့ဆုံပွဲတွင် သမ္မတအပါအဝင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ပါ တွေ့ဆုံဆွေးနွေးရန် ရည်မှန်းထားသော်လည်း ကာကွယ်ရေးဦးစီးချုပ်မှာ အစ္စရေးခရီးစဉ် သွားရောက်နေသည်။

စက်တင်ဘာ ၉ရက် တွေ့ဆုံပွဲတွင် သမ္မတ နှင့်အတူ  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ UPWC ဦးသိန်းဇော် ဒုဥက္ကဋ္ဌ ၊ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုဒုဝန်ကြီး ဦးအောင်သိမ်း
ဒုရှေ့နေချုပ်ဦးထွန်းထွန်းဦးပါဝင်သည်။

တိုင်းရင်းသားများဘက်ကမူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ မူတူးစေးဖိုး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင်၊ မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ကေဘယ်လ်အွိဒ်၊ SD ခေါင်းဆောင် သုံးဦးဖြစ်သည့်၊ ဒေါက်တာ လဂျာ၊ ဒေါ်နော်စီဖိုးရာစိန်၊ ပူးဇင်ကျုံး နှင့် NCCT ကိုယ်စားလှယ် ပဒိုစောကွယ်ထူးဝင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly