အပစ်ရပ်စာချုပ်ဆွေးနွေးချိန် ကချင်အစိုးရ နှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံမှု ဆိုင်းငံ့ထားမည်

အပစ်ရပ်စာချုပ်ဆွေးနွေးချိန် ကချင်အစိုးရ နှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံမှု ဆိုင်းငံ့ထားမည်

ချင်းမိုင်၊ စက်တင်ဘာ ၇ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ဆွေးနွေးမည်ဖြစ်၍ ကချင်ပြည်နယ် အစိုးရနှင့် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲတို့ တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းထားသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

မူလက စက်တင်ဘာလ ပထမပတ်အတွင်း နှစ်ဖက် တွေ့ဆုံဆွေးနွေးကြရန် သဘောတူညီထားသော်လည်း သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ NCA အပြီးသတ်ရေး ဆွေးနွေးပွဲကို လေးစားသောအားဖြင့် နှစ်ဖက် တိုက်ပွဲများ မဖြစ်ပွားရေး ထိန်းသိမ်းရန် ဖုန်းဖြင့် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“ပဋိပက္ခ အဖွဲ့တွေက လိုအပ်မှ တွေ့ဆုံကြဖို့၊ ဒီလပထမပတ်မှာတွေ့ဖို့ သဘောတူထားတာ။ ဒီတစ်ပတ်မှာက ထိပ်သီးအစည်းအဝေးနဲ့ တိုက်နေတော့ အဲဒီဆွေးနွေးပွဲကို မလေးစားသလို ဖြစ်မှာဆိုးလို့ နှစ်ဖက် စစ်ရေးအရှိန်လျော့ကြဖို့ သတိနဲ့ ကိုယ့်တပ်ကို ထိတွေ့မှု မဖြစ်အောင် ထိန်းသိမ်းကြဖို့ ညှိနှိုင်း ထားကြတယ်။ လိုအပ်မှ ဆွေးနွေးကြမယ်ဆိုပြီး ဖုန်းနဲ့ဘဲ ညှိကြတယ်”ဟု PCG မှ ဦးဆန်အောင်က ပြောသည်။

နေပြည်တော် ဆွေးနွေးပွဲပြီးနောက် လိုအပ်မှ နှစ်ဖက် တွေ့ဆုံဆွေးနွေးကြရန် ညှိနှိုင်းခဲ့ကြသည်ဟု သူက ပြောသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် အစိုးရစစ်တပ်နှင့် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နယ်မြေအတွင်း ဇူလိုင်လမှ သြဂုတ်လ ၂၉ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ ယခုရပ်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည်ဟု သူက ပြောသည်။

သြဂုတ်လ ၂၉ ရက်က KIA ၏ တပ်ရင်း ၇ လက်အောက်မှ တပ်စခန်းတခုကို အစိုးရ စစ်တပ်က သိမ်းယူခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ကချင်ပြည်နယ် အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဘက်မှ သြဂုတ်လ ၂၈ ရက်တွင် နှစ်ဖက် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်မှ အဆင်သင့်မဖြစ်၍ စက်တင်ဘာလ ပထမပတ်တွင် တွေ့ဆုံကြရန် သဘောတူညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်မှ နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက် ဖားကန့်ဒေသ၊ တနှိုင်းဒေသနှင့် ဆွမ်ပရာ ဘွမ်မြို့နယ်များတွင် အစိုးရစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားလာသဖြင့် KIO ဘက်မှ နှစ်ဖက် ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ယခုထိ ၄ လကျော်ကြာ နှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်း မရှိသေးပေ။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖာ်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) နှင့် KIO တို့အကြား သဘောတူညီခဲ့သည့် “ပူတွဲစောင့်ကြည့်ရေး ကြီးကြပ်ရေး ယန္တရား” ပထမအဆင့်ကို အကောင်အထည်ဖော်ခြင်းအနေဖြင့် တစ်ဖက်စီတွင် ၅ ဦးစီပါဝင် ဖွဲ့စည်းခဲ့ကာ အစိုးရဘက်မှ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ KIO ဘက်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

NCA အပြီးသတ် ဆွေးနွေးရန်အတွက် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အတွင်းရေးမှူး ဒေါက်တာ လဂျာတို့ အပါအဝင် ကိုယ်စားလှယ် ၅ ဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့မှ ခေါင်းဆောင် ၃ ဦး စုစုပေါင်း ထိပ်သီးခေါင်းဆောင် ၈ ဦးသည် ရန်ကုန်မြို့တွင် ရောက်ရှိနေပြီ ဖြစ်သည်။

မနက်ဖြန် စက်တင်ဘာလ ၈ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်တွင် တွေ့ဆုံ၍ စက်တင်ဘာလ ၉ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်တို့နှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags