အင်္ဂလန်အသင်း ယူရိုခြေစစ်ပွဲအောင်ခဲ့ပြီး ချာလ်တန်၏ ဂိုးသွင်းစံချိန်ကို ရွန်နီ လိုက်မီ

အင်္ဂလန်အသင်း ယူရိုခြေစစ်ပွဲအောင်ခဲ့ပြီး ချာလ်တန်၏ ဂိုးသွင်းစံချိန်ကို ရွန်နီ လိုက်မီ

လန်ဒန်၊ စက်တင်ဘာ ၆။ ။ အင်္ဂလန်အသင်းသည် ဆမ်မာရီနိုအသင်းကို အဝေးကွင်းတွင် ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ယူရို ၂၀၁၆ ခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီဖြစ်ကာ ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် နောက်ဆုံးအဆင့်ယူရိုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

အင်္ဂလန်အသင်းသည် ပွဲစဉ်ခုနှစ်ပွဲကစားပြီးချိန်တွင် ပွဲအားလုံးကို အနိုင်ရရှိပြီး ရမှတ် ၂၁ မှတ်ဖြင့် ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်သည်။ အုပ်စု(E)တွင် အင်္ဂလန်က ၂၁ မှတ်ဖြင့် ပထမ၊ ဆွစ်ဇာလန်က ၁၅ မှတ်ဖြင့် ဒုတိယ၊ အက်စ်တိုးနီးယားက ၁၀ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေရာ ပွဲစဉ်သုံးပွဲသာ ကျန်ရှိတော့သည့်အတွက် အင်္ဂလန်အသင်းမှာ အနည်းဆုံး အုပ်စုဒုတိယဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားခြင်း ဖြစ်သည်။

ဆမ်မာရီနိုနှင့်ပွဲတွင် အနိုင်ဂိုးများကို ရွန်နီက ပင်နယ်တီဖြင့် တစ်ဂိုး၊ ဝဲလ်ကော့ နှစ်ဂိုး၊ ဘာကလေ တစ်ဂိုး၊ ဟယ်ရီကိန်းတစ်ဂိုးနှင့် ဆမ်မာရီနိုကစားသမား ဘရိုလီက ကိုယ့်ဂိုးကိုယ်တစ်ဂိုးသွင်းယူမိခဲ့ခြင်း ဖြစ်သည်။

ပင်နယ်တီမှ တစ်ဆင့် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် ရွန်နီသည် စုစုပေါင်း နိုင်ငံတကာသွင်းဂိုး ၄၉ ဂိုးရှိသွားပြီဖြစ်ပြီး အင်္ဂလန်အသင်းသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသည့် ဘော်ဘီချာလ်တန်၏ စံချိန်ကို လိုက်မီသွားပြီ ဖြစ်သည်။

'ဆာဘော်ဘီချာလ်တန်ရဲ့ စံချိန်ကို လိုက်မီခဲ့တာက တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ တကယ်စိတ်ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ အလွန်ဂုဏ်ယူမိပါတယ်။ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်' ဟု ရွန်နီက ပြောသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly