ရွေးကောက်ပွဲတွင် တာဝန်ရှိသူများ ရိုုးသားကြပါ

ရွေးကောက်ပွဲတွင် တာဝန်ရှိသူများ ရိုုးသားကြပါ

အထွေထွေရွေးကောက်ပွဲကြီး နီးလာသည်နှင့်အမျှ အမျိုးမျိုးသော အဖြစ်အပျက်များ၊ သတင်း များ ကြားလာနေကြရပေသည်။ ဆန်နှင့်ဆီ ဝေပေးသည့် ပါတီနှင့် ကိုယ်စားလှယ်လောင်းများ၊ ထီးနှင့် ယပ်တောင်များဝေသည့် ကိုယ်စားလှယ်လောင်းများ၊ တီရှပ်များဝေမည့် ပါတီကိုယ်စားလှယ်လောင်း များအပြင် မိမိလုပ်ပိုင်ခွင့် အာဏာကိုသုံး၍ အခမဲ့ ဆေးကုသပေးမည့် ကိုယ်စားလှယ်လောင်းများ လည်း ရှိနေပြီး မကြာမီ သီတင်းပတ်များတွင် အလျှိုလျှို ပေါ်လာကြပေဦးမည်။

လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရပါက နောက်ငါးနှစ် သက်တမ်းအတွက် စိတ်အေးရမည် ဖြစ်သည့်အတွက် ယခုလိုအချိန်မျိုးတွင် ဥပဒေဘောင်ထဲမှ သော်လည်းကောင်း၊ ဥပဒေကို နည်းနည်း လေး လက်တစ်လုံးခြား လုပ်၍သော်လည်းကောင်း သူ့ထက်ငါ မဲဆွယ်ကြသည့် ကာလ ဖြစ်ပေသည်။
ယခင့်ယခင် အတိတ်သမိုင်းများတွင် ရှိခဲ့သည့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းအား ကိုယ်ထိ လက်ရောက် စော်ကားခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများထက် စာလျှင် အထက်ကကဲ့သို့ ဆန်၊ ဆီနှင့်
ထီးစသည်တို့ လက်ဆောင်ပေး ဆွဲဆောင်ခြင်းကား တော်သေးသည် ဆိုရပေမည်။

ပါလီမန် ဒီမိုကရေစီခေတ်က တည်မြဲနှင့် သန့်ရှင်းပြိုင်ဆိုင်ကြသည့် ရွေးကောက်ပွဲတုန်းက တစ်ဘက်မှ ကိုယ်စားလှယ်လောင်းကို အခြားတစ်ဘက်မှ စေခိုင်းမှုဖြင့် လက်နက်ကိုင်ကာ သတ်ဖြတ်ခဲ့သည့် အမှုအခင်းများ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရုပ်ဆိုးစွာဖြင့် မှတ်တမ်းရှိခဲ့ပေသည်။ ထိုစဉ်က အခြေအနေနှင့် နိုှုင်းယှဉ်လျှင် ယခုအချိန်တွင် ယင်းသို့သော အကြမ်းဖက်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာမည့် အခြေအနေ နည်းပါးသည့်အတွက် တစ်ဘက်တွင် စိတ်သက်သာဖွယ် ရှိပေသည်။

သို့သော် အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်ခြေ နည်းပါးသည့်တိုင် ရွေးကောက်ပွဲ တရားမျှတဖို့ အရေးက မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးလှပေသည်။ ရွေးကောက်ပွဲ တရားမျှတမှု ရှိမှသာလျှင် နိုင်ငံသားများ၏ လိုလားတောင့်တနေသည့် ဒီမိုကရေစီ အသွင်ပြောင်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လက်ရှိ ရှိနေဆဲ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည် ဖြစ်ပေသည်။

လာမည့်ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိခဲ့လျှင် လက်ရှိ လက်နက်ကိုင် တိုက်ခိုက်နေသည့် လူနည်းစု တပ်ဖွဲ့များသည် တရားဥပဒေဘောင်အတွင်းမှ ဒီမိုကရေစီရရှိအောင် ဆောင်ရွက်နိုင်မည် ဆိုသည့် အချက်အပေါ် သံသယဝင်နိုင်ကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအထိ အကျိုး သက်ရောက်မှု ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

အထက်က ဖော်ပြခဲ့သည့် စိုးရိမ်မှုများကို ပြေပျောက်အောင် လုပ်ဆောင်ပေးနိုင်သူမှာ မည်သူ ဖြစ်သနည်းဟု ဆိုသော် ယခုလက်ရှိ အုပ်ချုပ်နေသည့် အစိုးရဟုသာ ဖြေရပေလိမ့်မည်။ အစိုးရက လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်ဖွဲ့စည်း ထားပေးသကဲ့သို့ ယင်းကော်မရှင်က ဥပဒေ နည်းဥပဒေများ ပြဋ္ဌာန်းပြင်ဆင်ကာ နိုင်ငံရေး ပါတီအသီးသီးနှင့် နိုင်ငံရေး သမားများ ပါဝင် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် စီစဉ်လုပ်ဆောင်ရသည့် တာဝန်အရှိဆုံး အဖွဲ့ဖြစ်သည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။

တနည်းအားဖြင့် ဆိုရလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲသည် ယခင်အ စိုးရ အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စား လှယ် ဖြစ်ခဲ့ခြင်းကြောင့် လည်းကောင်း အခြားသော ပါတီများက စိုးရိမ်မှု ရှိနေကြခြင်း ဖြစ်ပေသည်။
ယင်းသို့သော အကြောင်းများကြောင့် ရွေးကောက်ပွဲကော်မရှင်သည် သမာသမတ်ကျဖို့ အလွန် အရေးကြီးလှပေသည်။ လတ်တလော ဖြစ်ပွားလျက်ရှိသည့် အငြင်းပွားဖွယ်ရာ မဲဆွယ်စည်း ရုံးမှုများ၊ မဲဆွယ်ကာလမတိုင်မီ မဲဆွယ်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု ရှိလာခဲ့ပါက တရားမျှတစွာ၊ ဥပဒေ၊ နည်းဥပဒေပါအတိုင်း ဖြောင့်မတ်မှန်ကန်စွာ ဆုံးဖြတ်ဖို့ လိုအပ်လျက်ရှိကြောင်း မဇ္ဈိမက
ထောက်ပြ ရေးသားလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags