တောင်အမေရိက ပြိုင်ဘက်အားလုံးကို ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအာဂျင်တီးနားကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်

တောင်အမေရိက ပြိုင်ဘက်အားလုံးကို ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအာဂျင်တီးနားကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်

ဘရူနိုအေးရိစ်၊ စက်တင်ဘာ ၅။ ။ အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၇-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲစဉ်တွင် အနိုင်ဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် မက်ဆီသည် တောင်အမေရိကပြိုင်ဘက်အသင်း ကိုးသင်းစလုံးကို ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအာဂျင်တီးနားကစားသမား ဖြစ်လာခဲ့သည်။

ထိုပွဲစဉ်တွင် လာဗက်ဇီနှင့် အဂူရိုတို့က နှစ်ဂိုးစီသွင်းယူပြီး ကော်ရီရာက တစ်ဂိုးသွင်းယူကာ မက်ဆီက နှစ်ဂိုးသွင်းယူခဲ့သည်။

ထိုကဲ့သို့ ဂိုးသွင်းယူနိုင်သည့်အတွက် မက်ဆီသည် တောင်အမေရိကတိုက်တွင် ပြိုင်ဘက်ကိုးသင်းလုံးကို ဂိုးသွင်းနိုင်သည့် စတုတ္ထမြောက်ကစားသမားလည်း ဖြစ်လာခဲ့သည်။
မက်ဆီ၏ရှေ့တွင် ကိုလံဘီယာတိုက်စစ်မှူး အာနိုဒိုအိုင်ဂူရန်၊ ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ဇစ်ကိုနှင့် အီကွေဒေါတိုက်စစ်မှူး အော်ဂက်စတင်ဒယ်ဂါဒိုတို့ သုံးဦးသာ ထိုကဲ့သို့ စွမ်းဆောင်ထားနိုင်သည်။

၂၀၁၅ ခုနှစ်၏ ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ရရှိထားသည့် မက်ဆီသည် ထိုသွင်းဂိုးနှစ်ဂိုးကြောင့် တောင်အမေရိကကစားသမားများထဲတွင် နိုင်ငံအသင်းအတွက် ၄၈ ဂိုးနှင့်အထက် သွင်းယူနိုင်သည့် ဆဋ္ဌမမြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။ ပီလီ(၇၇ ဂိုး)၊ ရိုနယ်ဒို(၆၂ ဂိုး)၊ ဘာတစ္စတူတာ(၅၆ ဂိုး)၊ ရိုမာရီယို(၅၅ ဂိုး)၊ ဇစ်ကို (၄၈ ဂိုး) နှင့် မက်ဆီ(၄၈ ဂိုး) အသီးသီးသွင်းယူထားကြသည်။

ရည်ညွှန်း စပို့တ်ကီဒါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly