အကျင့်ပျက်ပြီး အာဏာအလွဲသုံးတယ် စွပ်စွဲခံရတဲ့ ရဲ ၁၀၀ နီးပါးကို သတ်ပစ်မယ်လို့ ဒူတာတေး ခြိမ်းခြောက်

အကျင့်ပျက်ပြီး အာဏာအလွဲသုံးတယ် စွပ်စွဲခံရတဲ့ ရဲ ၁၀၀ နီးပါးကို သတ်ပစ်မယ်လို့ ဒူတာတေး ခြိမ်းခြောက်

မနီလာ၊ သြဂုတ် ၈ ။            ။ အကျင့်ပျက်ပြီး အာဏာအလွဲသုံးတယ် စွပ်စွဲခံထားရတဲ့ ရဲ ၁၀၀ နီးပါကို သတ်ပစ်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မာလာကာနန် နန်းတော်မှာ မိန့်ခွန်းပြောရာမှာ ခြိမ်းခြောက်ပြောဆိုသွားခဲ့ပါတယ်။

သြဂုတ် ၈ ရက်မှာ နိုင်ငံခြားသတင်းဌာနတွေကို ဖြန့်ဝေတဲ့ သြဂုတ် ၇ ရက်က ဒူတာတေးရဲ့ ဒီ မိန့်ခွန်းပြောဆိုမှု ဗီဒီယိုကို ဖိလစ်ပိုင် ရုပ်သံသတင်းတွေမှာလည်း ထပ်မံပြသခဲ့ပါတယ်။

"ခင်ဗျားတို့က ကျုပ်အတွက် အသုံးမဝင်ဘူး။ ခင်ဗျားတို့ဟာ လူမှုအသိုင်းအဝန်းအတွက် အန္တရာယ်ပဲ။"လို့ ဒူတာတေးက ပြောပါတယ်။

သမ္မတ ဒူတာတေးရဲ့ မိန့်ခွန်းပြောဆိုမှုကို တက်ရောက်နားထောင်ဖို့ ထောင်ဒဏ်ကျ ရဲသုံးဦးကို ယာယီလွှတ်ပေးခဲ့တာ အပါအဝင် ရဲတာဝန်ရှိသူတွေက သမ္မတ နန်းတော်ရာမှာ တက်ရောက်နားထောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

စွပ်စွဲခံ ရဲ ၁၀၀ ဟာ ဓားပြမှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ပြန်ပေးဆွဲမှု၊ သားမယားပြုကျင့်မှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ စွပ်စွဲခံကြရတာ ဖြစ်ပါတယ်။

"ခင်ဗျားတို့ ဒီလိုပဲ ဆက်လုပ်နေကြမယ်ဆိုရင်တော့ ကျုပ် ကိုယ်တိုင် သတ်ပစ်မယ်။"ဆိုပြီး ဒူတာတေးက ခြိမ်းခြောက်ပြောဆိုပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုကူးတာနဲ့ ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်တဲ့ အေဂျင့်တွေကို အထူးယူနစ်အဖွဲ့တစ်ရပ်ကနေ ရာသက်ပန် စောင့်ကြည့်ထောက်လှမ်း သွားမှာ ဖြစ်ကြောင်းလည်း သမ္မတ ဒူတာတေးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly