တမူး၊ သြဂုတ် ၈ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နှစ်နိုင်ငံချစ်ကြည်ရေး တံတားဂိတ် မှာ ဩဂုတ်လ ၈ ရက် မနက် ၈ နာရီခွဲ အချိန်က မြန်မာ -အိန္ဒိယ အပြည်အပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
နှစ်နိုင်ငံ အပြည်အပြည်ဆိုင်ရာ နယ်စပ်ထွက်ပေါက် Border Pass စနစ်နှင့် ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေး အတွက် မေလ ၁၀ ရက်က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုလို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တမူး-မိုးရေး နယ်စပ်ဂိတ် ဖွင့်လှစ်စဉ် ဓာတ်ပုံ-ဘုန်းနိုင်ဖြိုး(မုံရွာဂေဇက်)
“MဝU မထိုးခင်ကဆို ဒီဂိတ်ကို စာအုပ်နဲ့ ဖြတ်သန်းရင်ဖြစ်ဖြစ် နိုင်ငံတော်သမ္မတ ရုံးရဲ့ ခွင့်ပြုချက်၊ ဟိုတယ်ခရီး ခွင့်ပြုချက် ၊ ဌာနဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တွေပါမှ ဖြတ်သန်းလို့ရတယ်။ အခု ယနေ့ကနေစပြီး နိုင်ငံကူး လက်မှတ်ဖြစ်စေ၊ Border Pass နဲ့ ဖြစ်စေ အထောက်အထားခွင့်ပြုချက်တွေ မလိုဘဲနဲ့ ဖြတ်သန်းသွားလာခွင့် ရတယ်။ Border Pass (BP) နဲ့ဆိုရင် နှစ်နိုင်ငံခွင့်ပြုထားတဲ့ ဧရိယာအထိ ၂ ပတ် နေထိုင်ခွင့်ပြုပါတယ် ” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဇော်မြင့်က ပြောသည်။
ထို့ကြောင့် BP ဖြင့် ရက်သတ္တပတ် ၂ ပတ်ကြာ အိန္ဒိယဘက်သို့ ၁၆ မိုင် အင်ဖာမြို့အထိ၊ မြန်မာဘက်သို့ ၁၆ မိုင် ဖလမ်းခရိုင်အထိ သွားရောက်နိုင်မည် ဖြစ်သည်။
ထိုသို့ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံကူးလက်မှတ် စာအုပ်နှင့် သက်တမ်းရှိသော ပြည်ဝင်ခွင့် ရှိသည့်နှစ်နိုင်ငံဘက်မှ သူများခရီးသွားလာရေးလွယ်ကူ စေမည် ဖြစ်ပြီး ယခုနယ်စပ်စစ်ဆေးရေး ဂိတ်များမှ တဆင့် ဝင်၊ထွက်သွားလာခြင်းများအား ခွင့်ပြုပေးမည်ဖြစ်သည်။
သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ထုတ်ပေးထားသည့် ပြည်ဝင်ခွင့် ဗီဇာနှင့် e-Visa ပါရှိသော မြန်မာနိုင်ငံသားများက အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ သက်တမ်းရှိသော နိုင်ငံကူး လက်မှတ်၊ သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံသံရုံးမှ ထုတ်ပေးထားသည့် ပြည်ဝင်ခွင့်ဗီဇာ သို့မဟုတ် e-Visa ရှိသည့် အိန္ဒိယ နိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသား မဟုတ်သည့် တစ်ခြားနိုင်ငံသား (တတိယနိုင်ငံသား) များသည်လည်း မြန်မာနိုင်ငံသို့ ဝင်ထွက် သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ချက်အရ သိရသည်။
ဖွင့်ပွဲသို့ မြန်မာဘက်မှ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်သင်မန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့ တက်ရောက်ခဲ့ပြီး အိန္ဒိယဘက်မှ မီဇိုရမ်ပြည်နယ်အစိုးရ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Shri Pu H Rohluna အိန္ဒိယကောင်စစ် ဝန်ချုပ် Mr. Dr. Kumar Praveen ၊ အိန္ဒိယကောင်စစ်ဝန် Mr. Rajesh Kumar တို့ တက်ရောက်ခဲ့သည်။
ထို့နောက် တမူးရှိ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေး ဂိတ်ကို သွားရောက်စစ်ဆေးခဲ့ပြီး မြန်မာဘက်တွင် အလားတူ အဆောက်အဦမျိုး အိန္ဒိယဘက်မှ တည်ဆောက်ပေးမည် ဟု သိရသည်။
မြန်မာနိုင်ငံ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးအေးလွင်နှင့် အဖွဲ့မှ မြန်မာ -အိန္ဒိယ အပြည်အပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်ဖွင့်ပွဲအပြီး အိန္ဒိယနိုင်ငံ နယ်စပ်ရှိ Integrated check post( ICP) ကို သွားရောက်လေ့လာခဲ့သည်။
(ICP) ခန်းမှာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံဘက်က တာဝန်ရှိတွေက နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားရေး ကိစ္စတွေ၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော ကိစ္စများ၊ ဗီဇာကိစ္စများအတွက် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။