၂၁ ပင်လုံမှာ ရရှိခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)ကို ကန့်ကွက်သူမရှိ အတည်ပြု

၂၁ ပင်လုံမှာ ရရှိခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)ကို ကန့်ကွက်သူမရှိ အတည်ပြု

 

နေပြည်တော်၊သြဂုတ်လ ၇ ။                 ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးမှ ရရှိထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၂)တွင် ပါသည့် သဘောတူလက်မှတ်ရေးထိုးထားခဲ့သော အချက် ၁၄ ချက်ကို နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက်ရယူရန် ပေးပို့ခဲ့ပြီး ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ကန့်ကွက်မည့်သူမရှိ အတည်ပြုခဲ့သည်။

သမ္မထံမှ ပေးပို့ထားသည့် အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း၂ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အဖွဲ့ဝင် ဦးထွန်းထွန်းဦး ယနေ့ လွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အပိုဒ် ၂၀ အပိုဒ်ခွဲ (စ) မှာ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်းဟု လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အခန်း(၈) အပိုဒ် ၂၈မှာ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းများကို လည်းကောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်တစ်ရပ်လုံးကိုလည်းကောင်း၊ အနီးဆုံးကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံး လုပ်နည်းများနဲ့ အညီတင်သွင်း၍ အတည်ပြုချက်ရယူရမည်ဟူ၍ လည်းကောင်း ” ဖော်ပြပါရှိသည် ဟု ၎င်းက ဖတ်ကြားခဲ့သည်။

ထို့အပြင် “ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ရဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ် ၃ အပိုဒ် ခွဲ (ဈ)မှာ UPDJCသည် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်တစ်ရပ်လုံးကိုလည်းကောင်း၊ အနီးဆုံးကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ လုပ်ထုံးလုပ်နည်းများနဲ့အညီ တင်သွင်း၍ အတည်ပြုချက်ရယူနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဟူ၍ ဖော်ပြပါရှိသည်” ဟု ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်တွင် ဖတ်ကြားတင်သွင်းခဲ့သည်။

အဆိုပါပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂မှာ နိုင်ငံရေးကဏ္ဍအခြေခံမူ သဘောတူညီ ချက် လေးချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူ သဘောတူညီချက် ၁ချက်၊ လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီချက် ခုနစ်ချက်၊ မြေယာနှင့်သဘာ၀ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ သဘောတူညီချက် ၂ချက် စုစုပေါင်း ၁၄ ချက်ပါဝင်သည်။

တတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု တတိယပင်လုံအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ၁၆ရက်နေ့ထိ ခြောက်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ ချမှတ်ထားသော အခြေခံလမ်းညွှန်ချက်များ ၊ ဆွေးနွေးရမည့် ခေါင်းစဉ်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှရရှိထားသော် သဘောထားစုစည်းချက်များ ကို ၎င်းညီလာခံတွင် တင်သွင်းခဲ့ကာ ထိုအချက်များကို အစုအဖွဲ့အသီးသီးမှ ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက် ၁၄ချက်ကို ရရှိခဲ့၍ ညီလာခံ နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင်၁၆ရက်တွင် အစုအဖွဲ့အသီးသီးမှ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ အဖြစ်တာဝန်ယူကာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေး ပါတီများ အဖွဲ့ များဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၄၈ဦးဖြင့် အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly