သမ္မတ မာဒူရိုကို လုပ်ကြံဖို့ ကြိုးပမ်းမှုနဲ့ လူ ၆ ဦးကို ဗင်နီဇွဲလား ဖမ်းဆီး

သမ္မတ မာဒူရိုကို လုပ်ကြံဖို့ ကြိုးပမ်းမှုနဲ့ လူ ၆ ဦးကို ဗင်နီဇွဲလား ဖမ်းဆီး

 

သြဂုတ် ၆ ။        ။ သမ္မတ နီကိုလပ်စ် မာဒူရိုကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုနဲ့ ယခုအခါ အကြမ်းဖက်သမားနဲ့ ကြေးစား လူသတ်သမားတွေလို့ဆိုသူ လူ ခြောက်ဦးကို ဖမ်းဆီးထားကြောင်း ဗင်နီဇွဲလား အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ယခု ဖမ်းဆီးမှုအကြောင်းကို နိုင်ငံပိုင်ရုပ်သံကနေတဆင့် ဗင်နီဇွဲလား ပြည်ထဲရေး ဝန်ကြီး နက်စ်တာ ရီဗာရောလ်က ကြေညာသွားတာဖြစ်ပါတယ်။ နောက်ထပ်လည်း ဖမ်းဆီးမှုတွေ ထပ်ဖြစ်လာနိုင်သေးတယ်လို့ ၎င်းက ပြောပါတယ်။

သြဂုတ် ၄ ရက်တုန်းက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို စစ်ရေးပြအခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောနေစဉ်မှာပဲ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဒရုန်းယာဉ်တွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။

ယင်း ဒရုန်းယာဉ်တိုက်ခိုက်မှုမှာတော့ သမ္မတ မာဒူရို ရော ၊ ကျန် အစိုးရအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ မရခဲ့ကြပါဘူး။ ဒါပေမယ့် စစ်သား သုံးဦးကတော့ အပြင်းအထန် ဒဏ်ရာရသွားပြီး အခြေအနေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ယခုလို အဝေးထိန်းစနစ် ဒရုန်းယာဉ်တွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့မှုဟာ အကြမ်းဖက်မှုနဲ့ လုပ်ကြံသတ်ဖြတ်မှုမြောက်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

သမ္မတ မာဒူရိုကလည်း သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ် ပေးသွားမယ်လို့ ကြုံးဝါးသွားပါတယ်။

ယင်း ဒရုန်းယာဉ် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သမ္မတ မာဒူရိုကတော့ ကိုလံဘီယာတို့ကို စွပ်စွဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယင်းစွပ်စွဲချက်ကို ကိုလံဘီယာဘက်က ပယ်ချသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ ယင်း ဖြစ်စဉ်မှာ ၎င်းတို့လည်း ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အမေရိကန်ဘက်က ငြင်းဆန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags