ကြောက်စရာကောင်းသည့် ထိရောက်မှု

ကြောက်စရာကောင်းသည့် ထိရောက်မှု

ယနေ့မြန်မာပြည်သူများအကြား အထူးတလည် ရေပန်းစား အသုံးပြုများနေသည့် လူမှုကွန် ရက် ဖေ့စ်ဘွတ်နှင့် ယင်း၏ ထိရောက်မှုအကြောင်း အားလုံးသိကြပြီး ဖြစ်၏။

ဖေ့စ်ဘွတ်ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို စက္ကန့်မဆိုင်း ချက်ချင်း သိရ၏။ ထို့ကြောင့် အကူအညီ ပေးနိုင်ကြရလေ၏။ ကောင်းကျိုးရခြင်း ဖြစ်၏။

ဖေ့စ်ဘွတ်ကြောင့် လူသိများ အနုပညာရှင်များ၏ လူမှုရေးသတင်းများ အချိန်မဆိုင်း ပျံ့နှံ့ကာ လူများသိကြရ၏။ မှန်သော် မထောင်းသာသော်လည်း သတင်းမှားကြီး ဖြစ်နေပါက ကာယကံရှင်ခမျာ ထိခိုက်ခံစားရ၏။ ဆိုးကျိုးသက်ရောက်မှု ဖြစ်၏။

သတင်းမှားများကို ဖြန့်ချိခြင်းသည် အလွန်ပင်ဆိုး၏။ ထို့ထက်ဆိုးသည်ကာ ဟုတ်သယောင် ထင်ရလေအောင် သတင်းရေးသားမှု၌ တတ်ကျွမ်းနားလည်လှစွာ ရေးသားဖြန့်ချိမှု ဖြစ်၏။ တစ်ခါတရံ နိုင်ငံတော် ထုတ်ပြန်ကြေညာချက် အစစ်အမှန်ပေါ်တွင် ဆင်တူယိုးမှား စာသားဖြင့် အချက်အလက် အမှားကိုတင်ပြီး လုပ်ကြံခြင်း ဖြစ်၏။
လုပ်ကြံဖန်တီးချက်အချို့မှာ ပီပြင်လွန်း၍ အစစ်မဟုတ်မှန်းသိအောင် မနည်းကြီး အားထုတ်ပါ မှ ရ၏။ အစစ်ဟု ထင်သူတို့က ဝိုင်းဝန်းမျှဝေ(Share) ကြခြင်းဖြင့် သတင်းသည် တောမီးထက်ပင် ပျံ့နှံ့ လွယ်ကာ ပြည်သူတို့ စိုးရိမ်တကြီး ဖြစ်ကြရ၏။

နိုင်ငံတော်က ယင်းသို့သော သတင်းမျိုးကို အချိန်မီဖြေရှင်းပေးနေပါ၏။ သို့ဖြင့် ပြည်သူတို့အ မှန်ကို သိခွင့်ရကာ စိတ်သက်သာရာရကြပါ၏။ ထို့အတွက် နိုင်ငံတော်၏ တာဝန်သိလုပ်ရပ်အဖြစ် အသိအမှတ်ပြု ကြရမည်သာ ဖြစ်၏။
သို့ရာတွင် ဤနေရာ၌ ပြောလိုသည်မှာ ဖေ့စ်ဘွတ် သုံးသူများအားသာ ဖြစ်၏။

လူ့သဘာဝအတိုင်း ကောင်းတာလေး စားရသော် မိတ်ဆွေသားချင်းများအား မျှဝေ ကျွေးမွေးလို၏။
ကောင်းတာလေး ကြားရသော် စိတ်ချမ်းသာကြရလေအောင် မျှဝေ ပြောပြလို၏။
သို့ဖြင့် ဖေ့စ်ဘွတ်သုံးသူတို့၏ ဝေမျှမှု(Share) တို့ကို မိမိ သိရှိပြီးသည်နှင့် ထပ်ဆင့်မျှဝေခြင်း ဖြင့် သတင်းကောင်း၊ သတင်းဆိုးများ ပျံ့နှံ့ ရောက်ရှိကြကုန်၏။

လုပ်ကြံသတင်းများ ပျံ့နှံ့ခြင်းကား ဆိုးလှချေ၏။ ဤတွင် လူမှုကွန်ရက်သုံးသူတို့ သတိပြု၊ အထူးဂရုစိုက်ကြရမည်မှာ လုပ်ကြံသတင်းများ ဖြစ်၏။

မှန်လေဟန် ဖန်တီးတတ်သူများကြောင့် အမှန်ပဲဟု ယုံမိမှားမည်ကို သိရှိနားလည်ပါ၏။ သို့သော် ဝေဖန်ပိုင်းခြားမှုကို အစဉ်သတိပြု၍ သတင်းလိမ်များ၊ သတင်းမှားများကို စိစစ်ကြစေလို၏။

အလိမ်ခံရသည်မှာ ရိုးသား၍ ဖြစ်၏။ ရိုးသားမှု၊ တနည်း ရိုးဂုဏ်ကို အပြစ်တင်ရန်မရှိ။ သို့တစေ မိမိ ရိုးသား၍ အလိမ်ခံရသည် မှန်သော်လည်း အလိမ်ခံရခြင်းမှာ လိမ်သူက တော်၍၊ အလိမ်ခံရသူက ညံ့၍ ဆိုသည်ကိုမူ လက်မခံချင်သည့်တိုင် ပကတိ အရှိတရားအဖြစ် လက်ခံကြရမည် ဖြစ်၏။

ဖေ့စ်ဘွတ်သုံးသူများအား လူညံ့အဖြစ် မရောက်စေလိုသည့် ဆန္ဒအမှန်ဖြင့် သတိပေးခြင်းသာ ဖြစ်၏။
သတင်းတစ်ပုဒ်ကို မမျှဝေမီ မှန်နိုင်၏ မမှန်နိုင် ဝေဖန်စေလို၏။ နီးစပ်ရာ တိုင်ပင်ဆွေးနွေး စေလို၏။ သတင်းမှားများတွင် ယုတ္တိမတန်သည်များ တွေ့ရတတ်၏။

နောက်ဆုံး မိမိမဆုံးဖြတ်တတ်၊ မဆန်းစစ်တတ်ခဲ့တောင်မှ တစ်ပါးသူ ထိခိုက်နစ်နာစေမည့် သတင်း၊ နိုင်ငံနှင့်လူမျိုး သိက္ခာကျ ထိခိုက်စေမည့်သတင်း၊ လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် လှုံ့ဆွနိုင်မည့် သတင်းမျိုးကို အထူးဆင်ခြင် သတိထား၍ ဖြန့်ချိဝေမျှသွားကြရန် ဖြစ်၏။

ယခုကဲ့သို့ ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသော ကာလမျိုး၌ အဖျက်အမှောင့်ကိစ္စများ ကား အသင့်စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

ဖေ့စ်ဘွတ်အသုံးပြု၍ သတင်းမှားများ ဖြန့်ချိပြီး နိုင်ငံတော် အနာဂတ်ကို ဆုံးဖြတ်မည့် ရွေးကောက်ပွဲရလဒ်ကို ထိခိုက်သည်အထိ ဖြစ်အောင်၊ နိုင်လည်းရှုံး၊ ရှုံးလည်းရှုံးဖြစ်အောင်၊ နောက်ဆုံး အနိုင်ရပါလျက် အောင်ပွဲမခံနိုင်ဘဲ လက်လွတ်ဆုံးရှုံးရသည့် အခြေအနေဆိုးအထိ ရောက်အောင် လုပ်လာနိုင်ကြ၏။

ထိုအထဲတွင် မိမိကပါ ဝင်ရောက်ဝေမျှမိခြင်းမျိုး မဖြစ်ရလေအောင်၊ အလိမ်မခံရလေအောင်၊ လူညံ့မဖြစ်ရလေအောင် အထူး သတိဆောင်ကြစေလိုလှတော့၏။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags