အလုပ်ရှင်နှင့်အလုပ်သမားပြဿနာများကြောင့် ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်ရန် နှေးကွေးနေ

အလုပ်ရှင်နှင့်အလုပ်သမားပြဿနာများကြောင့် ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်ရန် နှေးကွေးနေ

သြဂုတ် ၃။ ။ အလုပ်ရှင်နှင့် အလုပ်သမား မပြေလည်မှုများကြောင့် ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာရန်အတွက် နှေးကွေးမှုများကြုံတွေ့နေရမည်ဖြစ်ကြောင်း  ပြည်ပပို့ကုန်မြှင့်တင်ပေးမည့်   မြန်မာ့အထည်ချုပ်လုပ်ငန်း အကြောင်း စကားဝိုင်းဆွေးနွေးပွဲမှ သတင်းရရှိသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၃ရက်တွင် Yangon Book Plaza တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အဖြစ်ဆုံး ပြဿနာက လုပ်ခလစာပြဿနာပဲ။ လုပ်ခလစာပြဿနာကို ၂၀၁၅ ခုနှစ်မှာ အနိမ့်ဆုံးလုပ်ခလစာကြေညာပေးလိုက်တော့ ၂နှစ်လောက်သွေးအေးသွားတယ်။ တကယ်တမ်း ကျတော့ အလုပ်သမားအဖွဲ့အစည်းဥပဒေတွေမှာ အားနည်းချက်တွေရှိပါတယ်။ ဒါလေးတွေကို အားလုံးဘက်စုံ ဝိုင်းဝန်းပြုပြင်ပေးရမှာပေါ့။ အဓိကတော့ အစိုးရရဲ့လမ်းညွှန်ချက်လေးတွေပေါ့။ တစ်ခြားအရေးကိစ္စတွေနဲ့ တစ် ပြိုင်ထဲကို လုပ်မှရမယ်ဟာတွေပါ။ ဒီဘက်မှာ အလုပ်သမားမတည်ငြိမ်ရင် သူတို့မျော်မှန်းနေတဲ့လိုချင်နေတဲ့ Foreign Direct Investment ဆိုတာမျိုးက အရမ်းကိုနှေးကွေးလေးလံနေပါလိမ့်မယ်" ဟု Info Digest Journal ပင်တိုင်ဆောင်းပါးရှင် ဦးရာပြည့် ကပြောသည်။

ထို့အပြင် အနိမ့်ဆုံးတစ်ရက်လုပ်ခ ၄၈၀၀ကျပ် သတ်မှတ်ကြေညာထားပြီးနောက်ပိုင်းတွင် အချို့လုပ်ငန်းများ၌ အလုပ်သမားများကို ယခင်ကဲ့သို့ ရက်မှန်ကြေးများမပေးခြင်း၊ အထည်ချုပ်ရာတွင် အထည်အရေအတွက်ပို၍ တိုးလာခြင်းများ၊ အချိန်ပိုကြေးများကို အကြောင်းအမျိုးမျိုးဖြင့် ဖြတ်တောက်မှုများစသည့် အခက်အခဲများကို ကြုံတွေ့ရကြောင်း အဆိုပါ စကားဝိုင်းဆွေးနွေးပွဲမှ သိရသည်။

"လက်ရှိ ဘာတွေကန့်သတ်လိုက်လဲဆိုတော့ အဓိကတော့ ရေအိမ်(toilet)သွားတာတွေပေါ့။ toilet သွားတဲ့ အ ကြိမ်အရေအတွက်တွေကို ကန့်သတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သတ်မှတ်ထားတဲ့ အထည်အရေအတွက် မပြီးမှာစိုးလို့ ကန့်သတ်လိုက်တယ်။ နောက်ပြီးတော့ toilet ရဲ့ရှေ့မှာလည်း CCTV တွေတပ်ထားမျိုးရှိတယ်။ နောက်တစ်ခုက လုပ်ခလစာတိုးမြှင့်တယ်ဆိုတဲ့နောက်ကွယ်မှာ တစ်ဖက်ကလျော့လိုက်တာတွေ သူတို့ပုံမှန် ရရမယ်ဆိုတဲ့ ဥစ္စာတွေမရတော့မျိုးတွေ ကြုံတွေ့နေရတယ်" ဟု (ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေး ရှင်း-EMReF)မှ ကျား/မရေးရာပရိုဂရမ်မန်နေဂျာ ဒေါ်အေးလဲ့ထွန်းက ပြောသည်။

ထို့အပြင် ပြည်တွင်း၌ အလုပ်ရှင်၊အလုပ်သမားများအကြား မပြေလည်ဘဲ ဆန္ဒပြမှုများကြောင့် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီမြုပ်နှံမှုလုပ်ဆောင်ရန် စွန့်စားမှု များသည် ဟု ထင်မြင်နိုင်ကြောင်း အဆိုပါ စကားဝိုင်းဆွေးနွေးပွဲမှ သိရသည်။

လက်ရှိအချိန်တွင် အလုပ်သမားအရေးလုပ်ကိုင်ဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ အနေဖြင့် သုတေသနစစ်တမ်းများ၊ အစီရင်ခံစာများ၊ ဆွေးနွေးပွဲများ လုပ်ဆောင်နေသော်လည်း အလုပ် သမားပြဿနာများ ဖြေရှင်းနိုင်မှုတွင် တိုးတက်မှုမှာ နှေးကွေးနေသဖြင့် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်နှင့် အရပ်ဖက် အဖွဲ့အစည်းများ လေးပွင့်ဆိုင်ဆွေးနွေး၍ ခိုင်မာသည့် မူဝါဒလမ်းကြောင်းကိုသွားရန်လိုအပ်ကြောင်း ယင်းဆွေးနွေးပွဲမှ သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly