ပဲခူးရေဘေးအတွက် အစ္စရေးမှ လျှပ်စစ်မလိုသည့် ရေသန့်စက်နှင့် စားနပ်ရိက္ခာများလှူဒါန်း

ပဲခူးရေဘေးအတွက် အစ္စရေးမှ လျှပ်စစ်မလိုသည့် ရေသန့်စက်နှင့် စားနပ်ရိက္ခာများလှူဒါန်း
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ သြဂုတ် ၂ ။      ။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုနိုင်ရန် လျှပ်စစ်မလိုသည့် သောက်ရေသန့်စက်အပါအဝင် စားနပ်ရိက္ခာတချို့အား မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Mr Daniel Zohar Zonshine က သြဂုတ်လ ၂ ရက်နေ့တွင် လှူဒါန်းခဲ့သည်။

လျှပ်စစ်ဓာတ်အား အသုံးပြုရန်မလိုအပ်ဘဲ သောက်သုံးရေအဖြစ်သန့်စင်ပေးနိုင်မည့် ၎င်းရေသန့်စက် ကို အစ္စရေးနည်းပညာဖြင့်ပြုလုပ်ထားပြီး အမေရိကန်ဒေါ်လာ ၂၀၀၀ တန်ဖိုးရှိကြောင်း သိရသည်။

"ကျွန်တော်တို့လိုအပ်ချက်တွေကို စစ်ကြည့်တဲ့အခါမှာ ဒီမှာလိုအပ်နေတာ သောက်ရေပါ၊ နောက်ပြီး ရေကန်ပါ။ ဆိုတော့ ကျွန်တော်တို့ရေသန့်ပေးမယ့် စက်ကိုယူလာပါတယ်။ ကျွန်တော်တို့ လီတာ ၂၀၀ ဆံ့ရေကန်ကိုလည်း ယူလာပါတယ်။ ဒီကယ်ဆယ်ရေးစခန်းမှာနေတဲ့လူတွေကို စိတ်ချရတဲ့ သောက်သုံးရေ ရစေချင်တယ်။ ကျွန်တော်တို့ ဆန်တချို့လည်းယူလာပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Mr Daniel Zohar Zonshine က ပြောသည်။

ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သောက်ရေသန့်စက်အပါအဝင် ဆန်အိတ် ၇၅ အိတ်ကိုလည်း အစ္စရေးသံအမတ်ကြီးမှ လှူဒါန်းခဲ့သည်။ထို့အပြင် အခြားသော ရေကြီးနစ်မြှုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့လည်းသွားရောက်လှူဒါန်းနိုင်ရန် ကြိုးစားသွားမည်ဟု Mr Daniel Zohar Zonshine က ဆိုသည်။

အစ္စရေးနိုင်ငံအနေဖြင့် ယခင်နှစ်ရေကြီးနစ်မြှုပ်မှုတွင် မြန်မာနိုင်ငံအစိုးရသို့ လှူဒါန်းကူညီမှုများရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးတွင် လာရောက်လှူဒါန်းသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ အစ္စရေး သံအမတ်ကြီး အနေဖြင့် ပဲခူးမြို့ရေကြီးနစ်မြှုပ်မှုအပေါ် အကူအညီပေးရန် လွန်ခဲ့သည့် ၃ ရက်အတွင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ အကူအညီပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly