ကမ္ဘာ့နေချင်ဖွယ်မကောင်းဆုံး မြို့များတွင် ဂျကာတာမှာ နဝမမြောက် ရပ်တည်နေ

ကမ္ဘာ့နေချင်ဖွယ်မကောင်းဆုံး မြို့များတွင် ဂျကာတာမှာ နဝမမြောက် ရပ်တည်နေ

ဂျကာတာ၊ စက်တင်ဘာ-၄ ။        ။ နိုင်ငံတကာ ခရီးသွားမဂ္ဂဇင်းတစ်စောင်၏ မကြာသေးမီက စစ်တမ်းအရ ယာဉ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှုများဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်ဒိုနီးရှား မြို့တော် ဂျကာတာမှာ ယခုနှစ်အတွက် ကမ္ဘာ့နေချင်ဖွယ်မကောင်းဆုံး မြို့များစာရင်းတွင် နဝမမြောက်နေရာတွင် ရပ်တည်နေသည်ဟု ဆိုသည်။

ဇိမ်ခံခရီးသွားမဂ္ဂဇင်း Conde Nast Traveler က ဂျကာတာကို ပထမဆုံးအကြိမ်အနေနဲ့ ယခုနှစ်၏ ကမ္ဘာ့နေချင်ဖွယ်မကောင်းဆုံး ၁၀မြို့ထဲတွင် ထည့်သွင်းလာခဲ့ခြင်းပင်ဖြစ်သည်။

ထိုစာရင်းထဲတွင် ရုရှ၏ မော်စကို၊ ဧဂျစ်၏ ကိုင်ရို၊ အိန္ဒိယ၏ နယူးဒေလီတို့လည်း ပါဝင်နေပြီး အံ့အားသင့်ဖွယ်ရာပင် ပြင်သစ်၏ ကိန်းမှာ စာရင်း၏ အောက်ဆုံးတွင် ရှိနေခဲ့သည်။

ထိုစစ်တမ်းက ဂျကာတာမြို့တော်၏ ဆိုးရွားလှသည့် လေထုညစ်ညမ်းမှုကို ထောက်ပြသလို၊ မိုးရာသီတွင် ထိန်းမနိုင်သိမ်းမရ ရေးကြီးမှုများကိုလည်း ထောက်ပြထားသည်။ သို့ရာတွင် ထိုသို့သောနေချင် ဖွယ်မကောင်းလှသည့် မြို့တော်တွင် အထူးသဖြင့် နာဆီစပဒန်း (nasi Padang)ကဲ့သို့သော ဒေသအစားအစာတွင်တော့ နှစ်သိမ့်ရှာတွေ့နိုင်သေးသည်ဟုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

မဂ္ဂဇင်းက ကမ္ဘာ့နေချင်ဖွယ်အကောင်းဆုံး ၁၀မြို့ကိုလည်း ထုတ်ပြန်ခဲ့ရာ သြစတြေးလျ ဆစ်ဒနီက နံပါတ်တစ်နေရာတွင် ရပ်တည်နေပြီး အိုင်ယာလန်၏ ဒဗ္ဗလင်၊ နယူးဇီလန်၏ ကွင်းစတောင်း၊ ပိုလန်၏ ကရာကောနှင့် ဘယ်လ်ဂျီယံ၏ ဘရပ်တို့က နောက်က ကပ်လိုက်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly