ရခိုင်အရေးကော်မရှင်ဖွဲ့ခြင်းသည် ပြည်သူ့အသံကို လက်မခံခြင်းဟု ပြည်ခိုင်ဖြိုးအမတ် ပြော

ရခိုင်အရေးကော်မရှင်ဖွဲ့ခြင်းသည် ပြည်သူ့အသံကို လက်မခံခြင်းဟု ပြည်ခိုင်ဖြိုးအမတ် ပြော

နေပြည်တော်၊ ဇူလိုင် ၃၁ ။                       ။ လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးမည်ဆိုသော လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ကော်မရှင်ဖွဲ့ခြင်း သည် လက်ရှိအစိုးရက ပြည်သူ့အသံကို လက်မခံတဲ့သဘောဖြစ်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုလိုက်သည်။

“ဒီအစိုးရ အနေနဲ့က ပြည်သူ့အသံကိုလည်းသိပ်ပြီး လက်မခံတဲ့သဘောလို့ ဒီလိုပဲ မြင်ရမှာပေါ့။ အဲ့တော့ သူ လုပ်ချင်တာကိုပဲ သူလုပ်သွားတဲ့ သဘောရှိတယ်။ ဒါကြောင့်မို့လို့ ဒီဖြစ်စဉ် ဒီဆောင်ရွက်ချက်အပေါ်မှာ တော့ ဖြစ်ပေါ်လာမယ့် အခြေအနေဟာ ဒီဆောင်ရွက်တဲ့ ဒီအစိုးရရဲ့ ဒါဟာ မှတ်တမ်းပဲ ဖြစ်ပါလိမ့်မယ်။ဖြစ်ပျက်လာတဲ့ ကိစ္စအားလုံးကိုလည်း ဒီအစိုးရကပဲ တာဝန်ယူရပါလိမ့်မယ်” ဟု ကြံခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက  ဇူလိုင်လ ၃၁ ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အပြီးတွင် ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးမှု မပြုလုပ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုကို စုံစမ်းစစ်ဆေးခြင်းသည် တစ်ဖက်သတ် ဆန်ကြောင်း ၎င်းက ဆက်လက် ဆိုသည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ကော်မရှင်ဖွဲ့ခြင်းကို ဇူလိုင်လ ၃၀ ရက်က ပါမောက္ခဒေါက်တာအောင်ထွန်းသက် အပါအဝင် မြန်မာနိုင်ငံမှ ၂ ဦး ၊ နိုင်ငံတကာမှပုဂ္ဂိုလ် ၂ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ကြေညာခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဆိုပါ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်တစ်ဦးပါဝင်မည့် အပေါ် ပြည်သူ့လွှတ်တော်တွင် အရေးကြီး အဆိုတစ်ရပ်ကို ဇွန်လ ၆ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ယင်းအဆို မဲခွဲဆုံးဖြတ်မှုုဖြင့် ရှုံးနိမ့်ထားသည်။

အဆိုပါ ပုဂ္ဂိုလ်များနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း NLD ပါတီမှ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပြောဆို သည်။

“သို့သော် ရွေးလိုက်တဲ့ ဒီပုဂ္ဂိုလ်များရဲ့ Biography ကို ဖတ်ရခြင်းအားဖြင့် ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတကာရဲ့ အလယ်မှာ အင်မတန်ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတဲ့အတွက်တော့ ကျွန်မတို့ဘက်က ဒါကိုတော့ ယုံကြည်ပြီးတော့ ထားရမှာပေါ့” ဟု ၎င်းက ပြောသည်။

ရခိုင်အမျိုးသားပါတီ၊မင်းပြားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်က လွတ်လွတ်လပ်လပ်၊ အမှီအခို ၊ အနှောင်အဖွဲ့ကင်းစွာ နှင့် စုံစမ်းစစ်ဆေးမည့်အဖွဲ့ဆိုလျှင် ကောင်းသည်ဟု ထင်မြင်သည်ဟု ဆိုသည်။

 “ကျွန်တော်တို့က ဒီနိုင်ငံခြားသားပါလာတာ ကန့်ကွက်တယ် ဆိုတာကတော့ အရင်လိုပေ့ါလေ ။ လုံး၀ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားတွေနဲ့ပေါ့ ။ အဲ့ဒီလိုပါလာတယ်ဆိုရင် တော့ တစ်မျိုးပေါ့။ခုကျတော့ ဒီ အဖွဲ့အစည်းဆိုတာက ဖွဲ့တဲ့ အနေနဲ့ အဆုံးအဖြတ်ပေးမယ့် အဖွဲ့ မဟုတ်ဘဲ သူတို့က ဒီစုံစမ်းစစ်ဆေးရေးအပိုင်း အနေနဲ့ပေါ့ ။ အဖွဲ့ အများကြီး အနေနဲ့ စုံစုံညီညီ လွတ်လပ်တဲ့ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ နောက်ခံ၊  ဒီအမှီအခို အနှောင်အဖွဲ့ကင်းတဲ့ အရောင်အသွေးကင်းတဲ့ အဖွဲ့က ပုဂ္ဂိုလ်တွေ ပါလာတယ်ဆိုရင်တော့ ဒါကောင်းတယ်လို့တော့ မြင်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီ၊မင်းပြားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်က ပြောသည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ကော်မရှင်တွင် သံအမတ်ကြီး ရိုဆာယိုမယ်နာလို( ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယဝန်ကြီးဟောင်း၊ ကုလသမဂ္ဂCEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်း နှင့် လက်ရှိအဖွဲ့ဝင်) က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ၊ အဖွဲ့ဝင်များအဖြစ် ဦးမြသိန်း (ဥက္ကဟောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်) ၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား( လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိုနှိုင်းရေးမှူးဟောင်း၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း ) ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် (ယူနီဆက် အဆင့်မြင့်အရာရှိကြီးဟောင်းနှင့် ကုလသမဂ္ဂဝန်ထမ်းကောလိပ် ကျောင်းအုပ်ကြီးဟောင်း) စသည့် ၄ ဦးတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly