အွန်လိုင်းဆယ်လီပန်ဆယ်လို တောင်းပန်ပါက အမှုရုပ်သိမ်းမည်ဟု တရားလိုပြော

အွန်လိုင်းဆယ်လီပန်ဆယ်လို တောင်းပန်ပါက အမှုရုပ်သိမ်းမည်ဟု တရားလိုပြော

ရန်ကုန် ဇူလိုင် ၃၁ ။            ။ အွန်လိုင်းဆယ်လီဖြစ်သော ပန်ဆယ်လိုဘက်က ပြန်လည်တောင်းပန်မည်ဆိုလျှင် အမှုရုပ်သိမ်းပေးမည်ဖြစ်ပြီး မတောင်းပန်ပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု တရားလိုဖြစ်သူ အငြိမ်းစားတပ်မတော်သား ဦးမောင်မောင်တာက မဇ္ဈိမသို့ ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန် တာမွေမြို့နယ် တရားရုံး၊ ဒုတိယမြောက်ရုံးချိန်းတွင် ဒေါ်အိမ့်ပိုးဥ(ခေါ်) ပန်ဆယ်လိုအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ပြောခဲ့ခြင်း ဖြစ်သည်။

" သူနဲ့ ဦးနဲ့က ပုဂ္ဂိုလ်ရေးမုန်းတီးမှု အငြိုးအတေး လည်း မရှိဘူး၊ သို့သော် ဘာသာသာသနာနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ပဲဖြစ်ဖြစ် အဲဒါတွေက ဗုဒ္ဓဘာသာ မိန်းကလေး တစ်ယောက် မပြောသင့်တာတွေဖြစ်တဲ့အတွက် အသက်လည်းငယ်တော့ မှားနိုင်တာပေါ့နော်၊ သူ့ဘက်က တောင်းပန်ရင် တရားဝင် ကျေအေးပေးဖို့ ဦးလေးဘက်က Post တင်ပြီး ကမ်းလှမ်းခဲ့တာ၊ မတောင်းပန်ဘူးဆိုရင်တော့ ဥပဒေအရ ဆက်လက်ဆောင်ရွက်မှာပါ" ဟု တရားလိုဖြစ်သူ ဦးမောင်မောင်တာက ပြောသည်။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပန်ဆယ်လိုဟု လူသိများသော ဒေါ်အိမ့်ပိုးဥကို ၂၀၁၇ ဒီဇင်ဘာ ၁၂ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ လှိုင်သာယာမြို့နယ်နေသူ အငြိမ်းစား တပ်မတော်သား ဦးမောင်မောင်တာက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းပေါ်တွင် လူသိများသူ ပန်ဆယ်လို က ဇူလိုင်လ ၁၇ ရက် နေ့၊ ပထမရုံးချိန်းတွင် အမှုကို လာရောက် ထုချေ ဖြေရှင်းခဲ့သည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံ၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ (၂) စားသောက်ဆိုင်မှာ ဆရာတော် ဦးဣန္ဒက ရိုက်နှက် ခံရမှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များ စိတ်နှလုံး ညှိုးနွမ်းအောင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့မှု၊ ဆရာတော် ဦးဝီရသူကို ကြိမ်ဖန်များစွာ စော်ကားရေးသားခဲ့မှု၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာက အကြည်ညိုပျက်အောင် စော်ကားရေးသားမှုများနှင့် လှိုင်သာယာမြို့နယ်နေသူ ဦးမောင်မောင်တာက တာမွေရဲစခန်းမှာ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ကျွန်မကလည်း သူ့အပေါ် ဘာအပြစ်မှ လုပ် ထားတာမရှိဘူး၊ ကိုယ်ရေးထားတဲ့စာတွေအပေါ် မှာလည်း ယုံကြည်မှု အပြည့်အဝ ရှိတယ်။ အဲဒီ တော့ တောင်းပန်ဖို့လမ်းကို မရွေးချယ်ဘဲနဲ့ တရားရင်ဆိုင်တဲ့လမ်းကို ရွေးချယ်လိုက်တာပါ" ဟု ပန်ဆယ်လို (ဒေါ်အိမ့်ပိုးဥ) က ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ က အဆင်သင့်မဖြစ်ခဲ့သည့်အတွက် လာမည့် သြဂုတ်လ ၇ ရက်နေ့ကို ထပ်မံချိန်းဆိုကာ ရှေ့ နေ ပါဝါတင်၍ တရားလိုကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly