ပြုပြင်ပြောင်းလဲမှုကို တစ်ချို့က ခြိမ်းခြောက်မှုအဖြစ် မြင်ကောင်းမြင်နိုင်ဟု သမ္မတကြီးပြော

ပြုပြင်ပြောင်းလဲမှုကို တစ်ချို့က ခြိမ်းခြောက်မှုအဖြစ် မြင်ကောင်းမြင်နိုင်ဟု သမ္မတကြီးပြော

ရန်ကုန် ဇူလိုင် ၂၉။   ။ လက်ရှိအခြေအနေတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ချို့က ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ကောင်း မြင်နိုင်ပြီး ပြုပြင်ပြောင်းလဲမှုသည် ခြိမ်းခြောက်မှု မဟုတ်ဘဲ အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ပြုပြင်ပြောင်းလဲမှုကို တချို့က ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်ကောင်း မြင်နိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုအလုပ်က ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ အခွင့်အလမ်းတစ်ခု၊ အခွင့်အခါကောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအခွင့်အခါကောင်းတစ်ခုကို ကျွန်တော်တို့ ရတောင့်ရခဲအချိန်အခါမှာ ရာစုနှစ်ထက်ဝက်ကျော် ဒီလိုအချိန်ကောင်းအခါကောင်းကို ရှားရှားပါးပါး ရလာတဲ့အချိန်အခါကို လက်တွေ့ကျကျ အသုံးမချနိုင်ဘူးဆိုရင် ကျွန်တော်တို့မှာ သမိုင်းပေးတာဝန် မကျေပွန်ရာ ကျပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း မိတ်ဆွေသာဖြစ်ကြောင်း လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနှင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည့်အလုပ် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

“ လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲရေးကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ များစွာလိုအပ်ပါတယ်။ ပြုပြင် ပြောင်းလဲရေးကို လုပ်တဲ့အခါမှာ တစ်ချို့စိုးရိမ်ကြတာ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းက စိုးရိမ်စရာမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် ရန်သူမဟုတ်ပါဘူး။ မိတ်ဆွေဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးအလုပ်သည် အတင်းအဓမ္မ ခိုင်းနေရမယ့် အလုပ်မဟုတ်ပါဘူး။ လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနဲ့ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမယ့်အလုပ် ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးခုအား တစ်ခုနှင့်တစ်ခု ဝင်ရောက်မစွက်ဖက်ရန်၊ Check and Balance ရှိရန်၊ အပြန်အလှန် ထိန်းကျောင်းမှုရှိရန်လည်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တရားလွှတ်တော်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly