မြန်မာနဲ့ ထိုင်းနိုင်ငံက မိဘမဲ့ကလေးငယ်တွေကို လှူဒါန်းသွားမယ့် ဥရောပအစားအစာပွဲတော်

မြန်မာနဲ့ ထိုင်းနိုင်ငံက မိဘမဲ့ကလေးငယ်တွေကို လှူဒါန်းသွားမယ့် ဥရောပအစားအစာပွဲတော်

ရန်ကုန် ဇူလိုင် ၂၉ ။          ။ ဥရောပ၂၈ နိုင်ငံအတွင်းက ရိုးရာ အစားအစာ တစ်ခုချင်းစီကို မိတ်ဆက်ပေးထားတဲ့ European Food Festival ပွဲတော်ကြီးကို ဇူလိုင်လ ၂၈ ရက် နေ့ညပိုင်းက ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲတော်ကို ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၁၉ ခု ပူ ပေါင်းပြီး တတိယအကြိမ် ကျင်းပခဲ့တာဖြစ်သလို ပြင်သစ်၊ စပိန်၊ အမေရိကန်၊ ဂျာမန် အစားအစာနဲ့ ဥရောပအတွင်းက လူကြိုက်များတဲ့ ရိုးရာအစား အစာတွေကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့တာပါ။

ဒီပွဲတော်က ရရှိတဲ့ငွေတွေကို မြန်မာနိုင်ငံနဲ့ ထိုင်း နိုင်ငံအတွင်းက ဆင်းရဲချို့တဲ့တဲ့ မိဘမဲ့ ကလေးငယ်တွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ စီစဉ်သူ Mr. Magnus Scherr က မဇ္ဈိမကို ပြောပါတယ်။

"ဒါက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ တတိယအကြိမ် ကျင်းပတာဖြစ်ပြီး ဟိုတယ်စားသောက်ဆိုင်ပေါင်း ၃၀ ကျော်က အရသာရှိတဲ့ ဥရောပအစားအစာတွေကို တည်ခင်းရောင်းချပေးနေပါတယ်၊ ဥရောပ ၂၈ နိုင်ငံက အစားအစာတွေအပြင် ဘီယာနဲ့ ဝိုင်လိုမျိုး ယမကာတွေလည်း သောက်သုံးနိုင်ပါတယ်။ ဒီက ရတဲ့ငွေကြေးတွေကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက မိဘမဲ့ ကလေးငယ်တွေကို လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်" လို့ Mr. Magnus Scherr က ပြောပါတယ်။

ဒါ့အပြင် ဒီပွဲတော်ဟာ မြန်မာပြည်သူတွေအတွက် ဥရောပနိုင်ငံတွေရဲ့ ယဉ်ကျေးမှုကို လေ့လာခွင့်ရမှာ ဖြစ်သလို နိုင်ငံ တစ်ခုချင်းစီက ကွဲပြားပြီး အရသာရှိတဲ့ အစားအစာတွေကိုလည်း မြည်းစမ်းခွင့်ရရှိမှာ ဖြစ်တယ်လို့ Mr. Magnus Scherr က ဆက်ပြောပါတယ်။

တတိယအကြိမ်မြောက် European Food Festival ပွဲတော်မှာ စပိန် တေးဂီတအဖွဲ့က ဖျော်ဖြေခဲ့သလို မြန်မာ ဥရောပနဲ့ အာရှနိုင်ငံသားတွေလည်း တက်ရောက်အားပေးတာ မြင်တွေ့ရပါတယ်။

နောက်နှစ်တွေမှာလည်း ဒီလိုပွဲမျိုးတွေကို ဆက်လက်ပြုလုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

European Food Festival ပွဲတော်ကို ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့သလို ၂၀၁၇ ခုနှစ်က ဒုတိယအကြိမ် ကျင်းပရာမှာလည်း မြန်မာနိုင်ငံက နာဂစ်ဒဏ်သင့်ခဲ့တဲ့ ဒေသတွင်း ကလေးငယ်တွေကို လှူဒါန်းခဲ့ကြောင်း ပွဲတော် စီစဉ်သူတွေက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly